အေးနိုင်
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် ၃ က တရုတ်အမျိုးသားပိုင် တိုင်ရီ (TAI YI) ဖိနပ်စက်ရုံမှာ လုပ်အားခလစာ တိုးမြှင့်ရလိုမှုအတွက် အလုပ်သမား ရာပေါင်းများစွာ ဒီကနေ့ မနက် ၇ နာရီကစပြီး အလုပ်မဆင်းဘဲ ဆန္ဒပြကြပါတယ်။
ဖိနပ်စက်ရုံက ပြီးခဲ့တဲ့ ဇန်နဝါရီလအတွက် ပေးရမယ့် လုပ်ခလစာတွေ ဖြတ်တောက်ခဲ့တဲ့အတွက်ကြောင့် ဆန္ဒပြကြတာလို့ အလုပ်သမားတွေက ပြောပါတယ်။
ဇန်နဝါရီလအတွင်း တရားဝင်ပိတ်ရက် ၅ ရက်အပြင် တရုတ်နှစ်သစ်ကူး ၅ ရက်ပါ စက်ရုံပိတ်ပြီး ပိတ်ရက်တွေအတွက် လစာထဲက ဖြတ်တောက်တာကြောင့် အလုပ်သမားတွေရဲ့ စားဝတ်နေရေးကို ထိခိုက်တဲ့အတွက် မဖြတ်တောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာလို့ အလုပ်သမားတဦးက ပြောပါတယ်။
“တနေ့ကို ၈ နာရီ ၁,၇၀၀ ရတယ်၊ ဒီလ ၆ သောင်းကျော်ပဲ ရတယ်။ ဒါပေမယ့် ဒီပြင်ဟာတွေနဲ့ ပေါင်းမှ ၆ သောင်းရတာလေ။ အဲဒါတွေ မပါရင် သိပ်မရဘူး။ နည်းနည်းပဲရမယ်၊ ရက်၂၀ ဆင်းရတယ်ဆိုရင် ရက်၂၀ ခရယ်၊ မုန့်ဖိုး ၉,၀၀၀ ရယ်၊ နှစ်ကြေးရယ်၊ အဲဒါမျိုးနဲ့ပေါင်းတာ။ အဲဒါအခြေခံလစာ နည်းလို့ဆိုပြီး ၂၅၀ တိုးတောင်းနေတာ။”
ဒီကိစ္စကို မြို့နယ်ဖျန်ဖြေရေးအဖွဲ့က လာရောက်ပြီး ဖြေရှင်းပေးတာ ကျေနပ်စရာကောင်းတယ်လို့ အလုပ်သမားခေါင်းဆောင် ကိုသန်းက ပြောပါတယ်။
“တရုတ်နှစ်သစ်ကူးနေ့ဆိုပြီး အလုပ်ရှင်က ၅ ရက်ပိတ်တယ်။ အဲဒီဟာနဲ့တွဲပြီး ၁၀ ရက် ပေါင်းပိတ်လိုက်တယ်။ အဲဒီအပေါ်မှာ လုပ်ခလစာ ဖြတ်တောက်တော့ ၁၂,၀၀၀ လောက် ဖြတ်တောက်ခံရတယ်။ တချို့တော့ ၇,၀၀၀၊ ၈,၀၀၀ လောက် ဖြတ်ခံရတယ်။ မတူကြဘူး။ အဲဒီအပေါ်မှာ စားရေးသောက်ရေး အခက်အခဲတွေ ဖြစ်လာတော့ ထတောင်းဆိုကြတာပဲ။ အဓိက တောင်းတာတွေကတော့ အခြေခံလစာ တိုးတောင်းတာပေါ့။ အခြေခံလစာက တနာရီကို ၇၅ ကျပ် သတ်မှတ်ထားတယ်၊ အခုက ၂၅၀ ထိ တိုးတောင်းတယ်။ မြို့နယ်အလုပ်သမား ဖျန်ဖြေရေးကော်မတီက ပုဂ္ဂိုလ်တွေ ရောက်လာပြီးတော့ အလုပ်သမားတွေရဲ့ ထုံးစံက ခေါင်းဆောင်မထွက်ဘူး။ သူတို့စာရွက်တွေပေါ်မှာ ရေးခိုင်းတယ်။ လိုလားချက်တွေကို ရေးခိုင်းတယ်။ နောက်ပြီး အဆောင်နေထိုင်ရေး စားသောက်ရေး အဆင်ပြေဖို့၊ အဲဒါတွေလည်းပါတယ်။ ဒါပေမယ့် အလုပ်ရှင်ကတော့ အကြောင်းမပြန်သေးဘူး။”
ဒီလို လတ်တလော ကိစ္စ မပေါ်ခင်ကတည်းက အစိုးရက အလုပ်သမားတွေရဲ့ လုပ်အားခလစာကို လုံလောက်အောင် ရပ်တည်နိုင်တဲ့ အ နိမ့်ဆုံး သတ်မှတ်ပေးခြင်း မရှိဘူးလို့ ကိုသန်းက ပြောပါတယ်။
“တရုတ်ပြည်ဆိုလည်းရှိတယ်။ ဗီယက်နမ်ဆိုလည်းရှိတယ်။ ဒါပေမယ့် ဒီမှာ အဲဒီလိုသတ်မှတ် မပေးသေးဘူး။ အလုပ်ရှင်က သူ့ဟာသူ သတ်မှတ်တာ။ ၅,၀၀၀ အထိကို သတ်မှတ်တာ။ ၅,၀၀၀ ဆိုတာ ဘယ်လိုမှ စားလောက်တဲ့လစာ မဟုတ်ဘူး။ တလလုံး ၅,၀၀၀ ဆိုတာ ယုံနိုင်စရာတောင် မရှိဘူး။ ကျနော်တို့မှာ မှတ်တမ်းတွေရှိတယ်။”
အဲဒီဖိနပ်စက်ရုံက အလုပ်သမားတွေဟာ မနှစ် နှစ်ဦးပိုင်းတုန်းကလည်း တနာရီလုပ်အားခ ၅၀ ကျပ် ရရှိနေတာကို ၁၀၀ ကျပ်အထိ တိုးတောင်းရာက တနာရီ ကျပ် ၇၀ ကျပ်နဲ့ ပြေလည်ပြီး ဆန္ဒပြမှုကို ရုပ်သိမ်းခဲ့ပါတယ်။
No comments:
Post a Comment