အပြည်ပြည် ဆိုင်ရာ မြန်မာ လေကြောင်း လိုင်း (အမ်အေအိုင်) ကို ဖေဖော် ၀ါရီလ ၈ ရက်နဲ့ ၉ ရက် နေ့တွေမှာ ဗုံးခွဲဖို့ ခြိမ်းခြောက်တဲ့ သတိပေး စာကြောင့် အမ်အေအိုင် လေကြောင်း လိုင်းရဲ့ လုံခြုံရေး တိုးမြှင့်လုပ်ဆောင် နေတယ်လို့ လေကြောင်း လိုင်း တာဝန် ရှိသူ တဦးက ပြောပါ တယ်။ရန်ကုန် ကနေ ဘန်ကောက်ကို ပျံသန်းမယ့် အမ်အေအိုင် လေကြောင်း ခရီးစဉ် တခုကို ဗုံးခွဲမယ့် သတင်းတွေ လူမှု ကွန်ရက် ၀က်ဆိုဒ် တွေမှာ ခုရက်ပိုင်း အတွင်း ပျံ့နှံ့နေတာပါ။
ဒီခြိမ်းခြောက် စာကြောင့် လုံခြုံရေး တိုးမြှင့် ထားပေမယ့် လေကြောင်း ခရီး စဉ်တွေ ရပ်ဆိုင်း ခြင်းမ ရှိဘဲ ဆက်လက် ပြေးဆွဲ နေတယ်လို့ အမ်အေအိုင် လေကြောင်းလိုင်း ဈေးကွက် မန်နေဂျာ ဒေါ်အေးမြသာက ပြောပါတယ်။
“စာတွေတော့ ရောက်တယ်။ ကျမတို့ အပိုင်းကလည်း စာတွေ ရောက်လာတဲ့ အခါကျတော့ ဘာပဲပြောပြော အမ်အေအိုင် လုံခြုံရေး ဌာန လည်း ရှိတယ်။ နဂိုထက်ပိုပြီးတော့ လုံခြုံရေးကို စေ့စေ့စပ်စပ် လုပ်တာပေါ့။ လေယာဉ်ချိန်ကလည်း ပုံမှန်ပဲ ထွက်တယ်။ မနေ့ကနဲ့ ဒီကနေ့ အထိ ဘန်ကောက် ခရီးစဉ်တွေ အကုန်လုံး ပုံမှန်ပဲ။”
ဒါပေမယ့် ဒီကနေ့  ရန်ကုန်ကနေ ဘန်ကောက်ကို ဆိုက်ရောက်မယ့် လေယာဉ်တွေ ဆိုက်ရမယ့်အချိန်မှာ မရောက်ဘဲ နှောင့်နှေး ကြန့် ကြာမှု ရှိနေတယ်လို့ ရန်ကုန်က ခရီးသည်ကို ဘန်ကောက် သုဝဏ်ဏဘူမိ နိုင်ငံတကာလေဆိပ်မှာ သွားကြိုသူတဦးက ပြောပါတယ်။
“အခုထိ ထွက်မလာသေးဘူး။ အထဲမှာ တော်တော်ကြာနေတယ်။ မြန်မာခရီးသည် တယောက်မှ မတွေ့တာ။ အမ်အေအိုင် လေကြောင်း လိုင်းတွေက အချိန်ရွှေ့ထားတယ်။”
အမ်အေအိုင် လေကြောင်းလိုင်းသာမက ရန်ကုန်ကနေ ထွက်လာတဲ့ လေကြောင်းလိုင်းတွေ ဆိုက်ရောက်ချိန် မရောက်ဘဲ နောက်ကျ နေ တယ်လို့ ပြောပါတယ်။
ဒီလိုနောက်ကျတာနဲ့ ပတ်သက်လို့ ဘန်ကောက် အခြေစိုက် အမ်အေအိုင် ရုံးက မြူနှင်းတွေများလို့ နောက်ကျတာလို့ ပြောပါတယ်။
“အထွက်မှာ နှင်းတွေများနေပြီး လမ်းမမြင်လို့ ထွက်လို့မရဘူး။ နောက်ကျတာ။ ဒီဘန်ကောက်ကနေ ထွက်ပြီး ရန်ကုန်ကနေ ပြန်လာတာ။”
မလေးရှား၊ စင်ကာပူကိုထွက်မယ့် အမ်အေအိုင်လေကြောင်း ခရီးစဉ်တွေလည်း ရွှေ့ဆိုင်းတာ မရှိဘဲ ပုံမှန်ပြေးဆွဲပေးနေတယ်လို့ တာဝန် ရှိသူက ပြောပါတယ်။
လေကြောင်းလိုင်းကို ဗုံးခွဲမယ်ဆိုတဲ့ ခြိမ်းခြောက်စာဟာ အတုဖြစ်တဲ့ အကြောင်းနဲ့  ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးကို ဒီစာ ပေးပို့ခဲ့ တာလို့ ပြည်ပသတင်းဌာနတွေက ထုတ်လွှင့်သွားပါတယ်။
No comments:
Post a Comment