Friday, February 10, 2012

ကွတ်ခိုင် မြို့နယ် အတွင်း အစိုးရ တပ်အင်အား တိုးချဲ့

သျှမ်းသံတော်ဆင့်


သျှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်းရှိ နမ့်ဖာလင်းတောင်တွင် အစိုးရစစ် တပ်မှ တပ်စခန်းသစ်များ တိုးချဲ့ ဆောက်လုပ်၍ တပ်အင်အားဖြည့်တင်းထားကြောင်း ဒေသခံမျက်မြင်တစ်ဦး အဆိုအရ သိရသည်။

နမ့်ဖာလင်းတောင်ပေါ်တွင် လူနေအဆောက်အဦများနှင့် ကတုတ်ကျင်းများ ယခုလ အတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တပ်စခန်း ၌ အစိုးရစစ်တပ် နှင့် KDA ပြည်သူ့ စစ်အဖွဲ့များ ပူးပေါင်းစခန်းချထားကြောင်း သိရသည်။

“နမ့်ဖာလင်းတောင်က မူစယ် - မန္တလေးကားလမ်း နမ့်ခိုင်တံတားအပေါ်ဘက်ကျတာ ပေါ့။ တပ်သစ်ဆောက်တာ မကြာသေးဘူး။ တစ်လ လောက်ပဲရှိအုံးမယ်။ အရင်က အဲဒီတောင်ခြေမှာပဲ အစိုးရတပ်ကရှိတာ၊ အခုတောင်ပေါ်မှာ ထပ်ဆောက်တာ၊ အစိုးရ တပ်နဲ့ KDA အဖွဲ့ ပေါင်းပြီးနေတယ် ” ဟု သူက ဆိုသည် ။

သျှမ်းပြည် (မြောက်ပိုင်း) အတွင်းရှိ KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၉ နှင့် အစိုးရတပ် ခလရ ၁၂၃ တို့ ယခုလ ၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သေးပြီး ယနေ့တွင် အစိုးတပ်သား အပြည့်တင်ဆောင်ထားသည့် စစ်ကား ၁၀ စီးခန့် လားရှိုးမှ ကွတ်ခိုင်သို့ ရောက်ရှိ လာ ကြောင်း သိရသည်။

ထို့အပြင် မူစယ် - မန္တလေးကားလမ်းတစ်လျှောက်တွင် အစိုးရ၏ ခလရ ၆၈ ၊ ၁၄၁ ၊ ခမရ ၃၂၃ ၊ ၅၂၅ တပ်ရင်းများ လုံခြုံ ရေးယူထား ကြောင်း မျက်မြင်များက ပြောသည်။

No comments: