Tuesday, February 21, 2012

ဖေဖော်ဝါရီ မကုန်မီ ငြိမ်းချမ်းရေးအတွက် မွန်ပြည်သစ် လက်မှတ်ထိုးဖွယ်ရှိ

ကောင်းဝါသတင်းဌာန


မွန်ပြည်သစ်ပါတီနှင့် အစိုးရ ကိုယ်စားလှယ်များ ယခုလကုန်ပိုင်းတွင် ထပ်မံ တွေ့ဆုံမည် ဖြစ်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ရန် ယခင် ပဏာမ သဘောတူချက်ကို အတည်ပြု လက်မှတ်ရေးထိုးဖွယ် ရှိသည်ဟု ပါတီဌာနချုပ်မှ လာသောသတင်းအရ သိရသည်။

“ဆွေးနွေးနိုင်ဖို့အတွက် ကျနော်တို့ ပြင်ဆင်နေတုန်းပဲ၊ မနက်ဖြန်လောက်မှ အစည်းအဝေး ပြီးမယ်၊ လက်မှတ်ထိုးဖို့လည်း ဖြစ်နိုင်ချေ ရှိ တယ်” ဟု ဌာနချုပ်တွင် ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေး တက်ရောက်နေသည့် ဗဟိုကော်မတီဝင်တဦးက ပြောသည်။

အစိုးရ ကိုယ်စားလှယ်များနှင့် ထပ်မံ တွေ့ဆုံရာတွင် ဆွေးနွေးတင်ပြမည့် အကြောင်းအရာ အချက်အလက် အသေးစိတ်ကို ပြင်ဆင် ထား ရန်အတွက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့ထိ အစည်းအဝေး ကျင်းပလျက် ရှိသည်ဟု သူက ပြောသည်။

သို့သော်လည်း အစည်းအဝေး မပြီးသေးသည့်အတွက် အစိုးရ ကိုယ်စားလှယ်များနှင့် ဆွေးနွေးမည့် အချိန်၊ နေရာနှင့် ပါဝင်မည့် ကိုယ် စား လှယ်များကို ထုတ်ဖော်ပြောဆိုရန် မဖြစ်နိုင်သေးကြောင်း သူက ပြောသည်။

မွန်ပြည်သစ် ငြိမ်းချမ်းရေး အကျိုးဆောင်တဦး ဖြစ်သည့် နိုင်တင်အောင်ကလည်း “ မွန်ပြည်သစ်ဘက်က သူတို့ တင်ပြထားတဲ့ အချက်ကို ရမယ်ဆိုရင် လက်မှတ်ထိုးနိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်” ဟု ပြောသည်။

“မွန်ပြည်သစ်ဘက်က ဘယ်အချိန် တွေ့နိုင်မယ်ဆိုတာကို အကြောင်းမပြန်သေးဘူး။ အစိုးရဘက်ကတော့ ကျနော့်ကို အကြောင်း ကြား ပြီး ပြီ” ဟု သူက ထပ်မံ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ပြည်နယ်အဆင့် အစိုးရ ကိုယ်စားလှယ်များနှင့် ဆွေးနွေးစဉ်က မွန်ပြည်သစ်ဘက်က ငြိမ်းချမ်းရေး ဖော်ဆောင် ရန် အခြေခံမူ ၄ ချက်အပြင်၊ အထွေထွေ တင်ပြချက် ၁၀ ချက်၊ ဆက်ဆံရေးရုံး ၉ နေရာ၊ လက်ရှိတပ်စွဲထားသည့် နေရာ ၁၃ နေရာ၊ ဒေ သ တည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးအတွက် ပါတီ၏ အခြားတပ်တည်နေရာ ၁၄ နေရာကို အစိုးရ ကိုယ်စားလှယ်များသို့ တင်ပြခဲ့ သည်။

လွန်ခဲ့သည့် သီတင်းပတ် နှစ်ပတ်ခန့်တွင် မွန်ပြည်သစ် ထိပ်ပိုင်းခေါင်းဆောင်အချို့ ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ဘုရားသုံးဆူမြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ယခင်အပစ်ရပ်စဉ်ကာလက စီးပွားရေးလုပ်ငန်းများကို ပြန်လည်အကောင်အထည်ဖော်ရန် ဆွေးနွေးခဲ့ကြသည်။

“ကျနော့်အထင်တော့ ဒီလိုစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတာဟာ အပစ်အခတ် ရပ်စဲဖို့ သေချာသလောက် ရှိပြီ” ဟု နယ်စပ်မှ မွန် ပြည်သစ်ပါတီဝင်တဦးက ပြောသည်။

မွန်ပြည်သစ် ဥက္ကဌ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်အချို့ကမူ ယခင် အပစ်အခတ် ရပ်စဲစဉ်ကာလက ကြုံတွေ့ခဲ့သည်များကို ထောက် ပြပြီး နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပေါ်လာရန် ခက်ခဲကြောင်းကို ယခင်လက ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် မွန်အမျိုးသားရေးရာ နှီးနှော ဖလှယ်ပွဲတွင် ပြောကြားခဲ့သည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ နှစ်လယ်ခန့်တွင် ယခင်နဝတ အစိုးရနှင့် ပထမအကြိမ် အပစ်အခတ် ရပ်စဲခဲ့ပြီး၊ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် အသွင်ပြောင်းရန် ဗဟိုအစိုးရက ဖိအားပေးရာမှ ၂၀၁၀ ခုနှစ် နှောင်းပိုင်းတွင် ၁၅နှစ် တာ ရယူထားသည့် အပစ်အခတ် ရပ်စဲ ရေး ပျက်ပြားခဲ့သည်။

၁၉၉၄ ခု အပစ်ရပ်ရေး ဆွေးနွေးရာတွင် အဓိက ပါဝင်သည့် မွန်ပြည်သစ် ဗဟိုအလုပ်အမှုဆောင်ဟောင်း နိုင်တင်အောင်ကမူ ယခု အပစ် အခတ် ရပ်စဲရေးသည် စာချုပ်စာတန်းနှင့်တကွ နိုင်ငံရေး ဆွေးနွေးရန်အတွက် လမ်းဖွင့်ထားသည့်အတွက် ယခင် အပစ်အခတ် ရပ်စဲရေး ထက် ထူးခြားကြောင်း၊ သို့သော်လည်း အလုပ်ဖြင့် သက်သေပြရန် လိုကြောင်း ပြောသည်။

မွန်ပြည်သစ်က ပြည်နယ်အစိုးရ ကိုယ်စားလှယ်များနှင့် ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့တွင် ရေးမြို့ အခြေစိုက် ခလရ (၆၁) စစ် တပ်ဝင်းတွင် တကြိမ်၊ ဗဟိုအစိုးရ ကိုယ်စားလှယ်များနှင့် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံ စံခလပူရီမြို့တွင် တကြိမ် ဆွေးနွေး ခဲ့ ပြီး၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က မော်လမြိုင်မြို့ Starnd ဟိုတယ်တွင် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ကာ ငြိမ်းချမ်းရေးအတွက် ပဏာမ သဘောတူချက် ၅ ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

No comments: