Saturday, February 18, 2012

ဒေါ်​အောင်ဆန်း​စုကြည် ဖျာပုံအား​ကစား​ကွင်း​တွင် ​ဟော​ပြောခွင့်​ မရ

မင်းလွင်

ဧရာဝတီတိုင်း​ ဖျာပုံမြို့​ ​ဘောလုံး​ကွင်း​မှာ ဒီက​နေ့​ ကျင်း​ပဖို့​ ပြင်ထား​တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ မဲဆွယ်​ဟော​ပြောပွဲကို ပြည်​ထောင်စု အား​ကစား​ဝန်ကြီး​က ခွင့်​မပြုတဲ့​အတွက် မြို့​က​နေ နှစ်မိုင်အကွာက သဲကွင်း​မှာ ​ပြောင်း​ရွှေ့​ခဲ့​ရပါတယ်။

ဖျာပုံမြို့​နယ် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင် ကိုသိန်း​ဆွေက “ဖျာပုံမြို့​နယ် အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ရုံး​မှာ ​ဒေါ်​အောင်ဆန်း​စုကြည် က တရား​ဟောတယ်။ တရား​ဟောတဲ့​အခါကျ​တော့​ ဒီက အဲဒီရုံး​ရှေ့​မှာ လာပြီး​ နား​ထောင်တဲ့​ လူ​တွေ ရှိတယ်​လေ။ အဲဒီ​တော့​ ဒီမှာ ပြီး​သွား​ရင် ဟိုဘက် ကျ​နော်တို့​ ဒီမှာလူထု ​ဟော​ပြောပွဲလုပ်ဖို့​ ရှိတယ်။ ​မြောက်ပိုင်း​ဘက်မှာ​ပေါ့​ သဲကွင်း​မှာ​ပေါ့​။ အဲဒီ​တော့​ ဒီကလူထုကြီး​က လိုက်ကြဦး​မလား​လို့​ ​မေး​တော့​ အား​လုံး​က လိုက်ကြပါမယ်တဲ့​။ ဟုတ်ပြီး​ အဲဒီ​တော့​ မလိုက်မယ့်​သူ​တွေလည်း​ ရှိတယ်။ အဲဒီ မလိုက်မယ့်​ သူ​တွေအတွက် နှုတ်ဆက်စကား​လေး​ ​ပြောမယ်ဆိုပြီး​ နှုတ်ဆက် စကား​ပြောပြီး​တော့​ ကျ​နော်တို့​ အဲဒီ သဲကွင်း​ကို သွား​ကြတာ။ အဲဒီ​တော့​လူထုကြီး​က အဲဒီက​နေပြီး​တော့​ အား​လုံး​က လိုက်ပါလာကြတယ်” လို့​ ​ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ မဲဆွယ်စည်း​ရုံး​ရေး​ ​ဟော​ပြောပွဲကို ဖျာပုံမြို့​ပေါ်တင် မကဘဲ ​ကျေး​ရွာ​တွေလူထု​တွေပါ တက်​ရောက် နား​ထောင်ခဲ့​ကြတယ်လို့​ ​ဒေသခံတဦး​က ​ပြောပါတယ်။

“အုန်း​အုန်း​ကျွက်ကျွက်ပဲ တမြို့​လုံး​ စည်ကား​နေတာ။ တမြို့​လုံး​လည်း​ ​ဒေါ်စုအလံ​တွေ ကိုင်ပြီး​ ချီတတ်သွား​ကြတာ ​ဟော​ပြောပွဲကို​လေ။ ​ဒေါ်စုမိန့်​ခွန်း​ သွား​နား​ထောင်ကြတာ။”

တခြား​အ​နှောင့်​အယှက်​တွေ အရင်ကလို မ​တွေ့​ရ​တော့​ပေမယ့်​ မြို့​နယ်အာဏာပိုင်​တွေက အစိုး​ရဝန်ထမ်း​တွေကို ​ဒေါ်​အောင်ဆန်း​စုကြည် ကို သွား​ရောက် ကြိုဆို နှုတ်ဆက်တာ မလုပ်ဖို့​ ညွှန်ကြား​မှု​တွေ​တော့​ ရှိ​သေး​တယ်လို့​ ဖျာပုံမြို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဖျာပုံသဲကွင်း​မှာ ​ပြောကြား​ခဲ့​တဲ့​ မိန့်​ခွန်း​မှာ​တော့​ အာကစား​ကွင်း​ကို အသုံး​ပြုခွင့်​ မ​ပေး​တဲ့​အ​ပေါ်ကို ​ဝေဖန်လိုက်ပြီး​တော့​ လွတ်လွတ်လပ်လပ် စည်း​ရုံး​ခွင့်​ကို တား​ဆီး​ပိတ်ပင်တဲ့​ အ​ပေါ်ကိုလည်း​ ​ထောက်ပြ ​ဝေဖန်သွား​ခဲ့​တယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ခရီး​စဉ်မှာ လိုက်ပါသွား​တဲ့​ သတင်း​ထောက်တဦး​က ​ပြောပါတယ်။

“ဖျာပုံမှာ ပထမ သတင်း​ထွက်တာက ဝန်ထမ်း​တွေ မသွား​ရဘူး​ပေါ့​နော်။ အဲဒီအမိန့်​ ထုတ်ထား​တာ ဟုတ်​လောက်တယ်။ ဘာဖြစ်လို့​တုန်း​ဆို​တော့​ ရုံး​ရှေ့​က ဖြတ်သွား​တဲ့​အခါမှာ ဝန်ထမ်း​တွေ အကုန်လုံး​ ထွက်ကြည့်​ကြတယ်။ ​နောက်ပြီး​တော့​ အန်တီ​ပြောတဲ့​ မိန့်​ခွန်း​ထဲမှာလည်း​ ပါတယ်။ ​ကျောင်း​သား​လေး​တွေ​ပေါ့​နော်။ ​ကျောင်း​သား​လေး​တွေကို တံခါး​ပိတ်ထား​တယ်။ ​ကျောင်း​ခန်း​ထဲက အပြင်မထွက်ရဘူး​။ ဒါ​ပေ မယ့်​လည်း​ ​ကျောင်း​သား​လေး​တွေ အား​လုံး​ဟာ စိတ်ဝင်တစား​နဲ့​ ​ကျောင်း​ခန်း​ပြင်ပကိုပဲ မျက်လုံး​တွေက ကြည့်​ပြီး​တော့​ လက်ပြ​နေကြ တယ်။ အဲဒီအတွက် သူတို့​ ပီတိ ဖြစ်တယ်​ပေါ့​နော်။ အဲဒီ့​ ​ကျောင်း​သား​လေး​တွေရဲ့​ စိတ်ဓာတ်ကအစ ဒီမိုက​ရေစီဘက်မှာ ရှိတယ် ဆိုတာက အစ သိသိသာသာ ​ပြောသွား​တယ်။ ​နောက်ပြီး​တော့​ အခုလိုမျိုး​ ဒီမိုက​ရေစီနည်း​ မကျဘဲနဲ့​ ​ဘောလုံး​ကွင်း​ကို သုံး​ခွင့်​မ​ပေး​ဘူး​။ ကျ​နော်တို့​ လယ်ကွင်း​ထဲကို ထွက်ပြီး​တော့​ အခုလိုမျိုး​ အစည်း​အ​ဝေး​ လုပ်ရတဲ့​အ​ပေါ်မှာလည်း​ အန်တီက ဥပ​ဒေ နည်း​လမ်း​ကျကျ ​ရွေး​ကောက်ပွဲ​ကော်မရှင်ကို တိုင်ကြား​သွား​မယ် ဆိုပြီး​တော့​လည်း​ မိန့်​ခွန်း​ထဲမှာ ထည့်​ပြောသွား​တယ်။”

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဖျာပုံမြို့​ကို မ​ရောက်ခင် သူအ​ရွေး​ခံမယ့်​ ရန်ကုန်တိုင်း​ ​ကော့​မှူး​မြို့​နယ်က ကျိုက်​ထော်ဆိုတဲ့​ ရွာကိုလည်း​ ​ရောက်ရှိခဲ့​ပြီး​တော့​ သူ့​ကို ​စောင့်​ဆိုင်း​နေတဲ့​ ​ဒေသခံ​တွေကိုလည်း​ စကား​ပြောခဲ့​ပါတယ်။

No comments: