ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တာဝန်ယူ နေတဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကနေ အတည်ပြု ခန့်အပ်လိုက် ပါတယ်။ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တာဝန် ထမ်းဆောင် နေပြီး တနှစ် ပြည့်သွား ချိန်မှာ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဖေဖော်ဝါရီ ၃ ရက်နေ့ နိုင်ငံတော်ပြန်တမ်း ထုတ်ပြန်ပြီး သမ္မတက ပြည်လည် အတည်ပြု ခန့်အပ် လိုက်တာပါ။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၄၂ အရ တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်ကို အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီရဲ့ ထောက်ခံချက် ရယူ ပြီးတော့ သမ္မတ ဦးသိန်းစိန် ကနေ ခန့်အပ် ခဲ့တာ လည်း ဖြစ်ပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ သူတာဝန် ယူခဲ့တဲ့ တနှစ်တာ ကာလ အတွင်းမှာ တပ်တွင်း ရာထူး အပြောင်း အလဲတွေ အများ အပြား လုပ်ခဲ့ တယ်လို့ ပြည်ပ အခြေစိုက် ဒီမိုက ရေစီနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အင်အားစုက ဦးဌေးအောင်က သုံးသပ် ပါတယ်။
“တပ်တွင်း မှာလည်း တချို့ တိုင်းမှူး တွေကို သူကာကွယ်ရေး ဦးစီးချုပ် တာဝန်ကို စယူစဉ် ကာလက စပြီး ဖြုတ်ပြီးတော့ လုပ်တာမျိုး၊ တချို့နေရာ တွေမှာ အစားထိုး ခန့်အပ် တာမျိုးတွေ လုပ်ခဲ့ တာလည်း ရှိတယ်။ ဒါပေမယ့် တပိုင်းက ကြည့်မယ် ဆိုရင်တော့ ဒါက သူ့ရဲ့ အာ ဏာ တည်မြဲဖို့ အတွက် သူနဲ့ သဘောထား မတိုက် ဆိုင်တဲ့ သူတွေကို သူ့ရဲ့ အမိန့်ကို သိပ်မနာ ခံတဲ့ သူတွေကို ဖယ်ရှား ပစ်တာမျိုး၊ ဒါမျိုးလုပ်ခဲ့တဲ့ အနေ အထား လေးတွေ ရှိတယ်။”
ပြည်ပမှာ နေထိုင်တဲ့ တပ်မတော်က အရာ ရှိဟောင်း ဗိုလ်ရဲထက် ကတော့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ လက်အောက် ငယ်သားကို ခွဲခြား ဆက်ဆံတာ မရှိဘဲ စစ်စည်း ကမ်းကို တိတိကျကျ လိုက်နာသူ ဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်တို့ အမြင် ကတော့ အတွေ့ အကြုံနဲ့ သူတာဝန် ယူထားတဲ့ အခြေ အနေ အနေ အထား ကတော့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် စိတ်ထားက တပ်နဲ့ ပတ်သက်ရင် အင်မတန် ကောင်းပါတယ်။ သူက လက်အောက် ငယ်သား ကိုလည်း ခွဲခြား ဆက်ဆံမှု သိပ်မရှိဘူး။ ဥပမာ ဗိုလ်လောင်း ဘဝက ဆိုရင် သူက စနောက်ပြီး ရင်းနှီး ဖော်ဖော် ရွေရွေ နေတတ်တယ်။ ဒါပေမယ့် စည်းကမ်း ပိုင်းနဲ့ ပတ်သက် ရင်လည်း သူက အပြစ် ပေးတာ ကြမ်းတယ်။ စစ်တပ်နဲ့ ပတ်သက်ရင် သူအနေ အထားနဲ့ အရမ်းကို ကောင်းတယ်လို့ ကျနော် ကတော့ မြင်တာ ပဲလေ။”
ဒါ့အပြင် သူလက်ထက် မှာတော့ မြန်မာ တပ်မတော်ဟာ အတိုင်း အတာ တခုထိ တိုးတက် ပြောင်းလဲ လာနိုင်မယ်လို့ သုံးသပ် ပါတယ်။
“သူ့လက်ထက်မှာ မြန်မာ့တပ်မတော်အနေနဲ့ ဘာတွေ ဖြစ်လာနိုင်တယ် ဆိုတာကို သူရှေ့ပိုင်းမှာ ဆောင်ရွက်ခဲ့တဲ့ အနေအထားကိုကြည့်ရင်၊ ဥပမာ လာဘ်စားမှု အရမ်းကြီးမားတယ်ဆိုတဲ့ အရာရှိတွေကို တိုင်းမှူးတွေအဆင့်၊ ဗိုလ်ချုပ်တွေအဆင့်ကို ချက်ချင်းဖြုတ်ပစ်တာတို့၊ အလွန်ဆုံး သတိပေးခဲ့တဲ့ အနေအထားတွေရှိတယ်။ သာမန် လာဘ်စားမှုလေးတွေက အစ ရှင်းရှင်းပြောရရင် မြန်မာနိုင်ငံက အစိုးရ အ သိုင်းအဝန်းကြားမှာ အကုန်လုံးကို ထုတ်ပစ်မှပဲ ကင်းမှာကို၊ လက်ရှိအစိုးရသစ် လက်ထက်မှာ အရမ်းကို နာမည်ဆိုးပြီး ဆက်လုပ်နေတဲ့ သူတွေလောက်ကိုပဲ သူကလုပ်ပြပြီး နောက်ပိုင်းကို ဆက်မလုပ်ဖို့ သတိပေးတဲ့ပုံစံ လုပ်တာဆိုတော့ သူ့ရဲ့လက်ထက်မှာ တပ်မတော်ကတော့ အတိုင်းအတာတခုထိ တိုးတက်ပြောင်းလဲလာမယ်လို့တော့ မြင်ရတယ်။”
ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ တိုင်းမှူး၊ ကာကွယ်ရေးဝန်ကြီးဌာန အထူးစစ်ဆင်ရေးအဖွဲ့ (ကစထ)မှူးနဲ့ တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး တာဝန်ယူခဲ့ပြီးတော့ ၂၀၁၁ မတ်လ ၃ဝရက် နေ့မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန် စယူခဲ့တာပါ။
လက်ရှိ ဖွဲ့စည်းပုံအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ ဒု-သမ္မတ အဆင့်အတန်း ရှိပြီး လွှတ်တော်နှစ်ရပ်က ကိုယ်စားလှယ် ၂၅ ရာ ခိုင်နှုန်းကို ချုပ်ကိုင်ထားသူ ဖြစ်ပါတယ်။
No comments:
Post a Comment