ကိုထွေး
မကွေးတိုင်းအတွင်းမှာ စီစဉ်ထားတဲ့ စာပေဟောပြောပွဲတွေကို တိုင်းအာဏာပိုင်တွေက ပိတ်ပင်ခဲ့တဲ့အတွက် ဟောပြောဖို့ သွားရောက်ခဲ့တဲ့ စာရေးဆရာတွေ လှည့်ပြန်ခဲ့ရပါတယ်။
ဖေဖော်ဝါရီလ ၇၊ ၈ ရက်နေ့တွေမှာ ရေစကြိုနဲ့ မြစ်ချေမြို့တို့မှာ (အော်ပီကျယ်၊ သန်းမြင့်အောင်၊ ဦးထွန်းလွင် ဆရာမောင်သာချို၊ ဖေမြင့်၊ ကျော်ဝင်း၊ နုနုရည်အင်းဝ) စသူတို့နဲ့ ကျင်းပဖို့စီစဉ်ထားတဲ့ စာပေ ဟောပြောပွဲတွေ ပိတ်ပင်ခံထားရတာပါ။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်အချိန် နီးကပ်နေမှုနဲ့ သံဃာတော်နဲ့ ကျောင်းသားများ စာမေးပွဲရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်ပင်ခဲ့တာလို့ ဟောပြောပွဲ သွားရောက်ခဲ့တဲ့ ကာတွန်းဆရာ အော်ပီကျယ်က ပြောပါတယ်။
ဒီဇင်ဘာလကုန်ကတည်းက စာပေဟောပြောပွဲတွေကို တားမြစ်နေတာ ဖြစ်ပေမယ့် မတော်တဆ တိုက်ဆိုင်မှု တခုအဖြစ်သာ ထင်မှတ်ခဲ့ပြီး အခု တပတ်အထိ မကွေးတိုင်း ဆယ်နေရာလောက်မှာ ခွင့်မပြုဘူးလို့လည်း ဆရာအော်ပီကျယ်က ပြောပါတယ်။
“ခက်တာက စာပေဟောပြောပွဲကို နိုင်ငံရေး ဟောပြောပွဲ ပုံစံမျိုး မြင်ပြီး ပိတ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ သို့သော် နိုင်ငံရေးတောင်မှ လွတ်လပ်ခွင့် အများကြီး ပေးနေတာပဲ။ ကျနော်တို့ စာပေဟောပြောပွဲကလည်း နိုင်ငံရေးအကြောင်း ဟောပြောနေတာ မဟုတ်ဘဲနဲ့ လူတွေရဲ့ အသိစိတ်ဓာတ်ကိုပေးတာ၊ နိုင်ငံရေးဟောပြောပွဲ မဟုတ်ဘူး။ အဲဒီတော့ အခုလို ပိတ်တာတော့ ခေတ်နောက်ပြန်ဆွဲတယ်လို့ ယူဆ တယ်။ ကျနော်တို့ဆိုရင် အစိုးရဆန့်ကျင်တဲ့ စကားကိုမပြောဘူး။ ကျနော်တို့ကိုယ်တိုင်ရဲ့ အမြင်ကိုက အခုချိန်က ဆန့်ကျင်နေရမယ့် အ ချိန် မဟုတ်ဘူး။ လက်တွဲပြီးအတူတကွ ပေါင်းလုပ်ရမယ့် အချိန်၊ ကျနော်တို့ကို မယုံသင်္ကာနဲ့ အဲဒီလို ပိတ်တာ၊ နောက်ပြီးတော့ မကွေးတိုင်း တခွင်လုံးမှာ ပိတ်လွန်းတာတော့ မကွေးတိုင်းက အာဏာပိုင်များအနေနဲ့ မလုပ်သင့်ဘူးလို့ ကျနော်ထင်တယ်။”
စာပေဟောပြောပွဲ အပိတ်ခံရလို့ ဒေသခံတွေ စိတ်မကောင်းဖြစ်တဲ့ အကြောင်းကိုလည်း ဆရာ အော်ပီကျယ်က အခုလို ရှင်းပြပါတယ်။
“ကျင်းပတဲ့လူတွေမှာ ငွေအားကော၊ လူအားကော၊ စင်တွေ ဆောက်ပြီး ပြန်ဖျက်နဲ့ သူတို့ မျက်ရည်ကျတယ်။ သူတို့ မျက်ရည်ကျတာ ကျနော် မြင်ရတယ်။ ကျနော်တို့ကို ဖမ်းရင်ဖမ်းပါစေ၊ ကျနော်တို့ ဟောပြောပွဲ ဖြစ်အောင် လုပ်မယ်ဆိုပြီး စွန့်စားမယ့် လူတွေတော့ ပေါ်လာ ပါတယ်။ ဒါပေမယ့် အဲဒီလောက်ကြီးလည်း မစွန့်စားစေချင်ဘူး။ အဲဒါကြောင့် သူတို့ကို ကြည့်ပြီး စိတ်ထဲမှာ တော်တော် စိတ်ထိခိုက် မိ တယ်။ တကယ့်ကို မျက်ရည်ကျတာ။ မြို့ခံလူထုကလည်း အားခဲထားပြီး ညနေရောက်မှ ပွဲမဖြစ်တော့ဘူးဆိုတော့ ပိုစတာတွေကော ဘာတွေကော အကုန် ကြေညာပြီးသား။ ရင်ထိုးတံဆိပ်တွေ သေချာ လုပ်ပြီးသား။ သူတို့မျက်ရည်တွေ မြင်ရတဲ့အခါမှာ စိတ်တော်တော် ထိ ခိုက်ရပါတယ်။”
ပြီးခဲ့တဲ့လတွေကလည်း သရက်၊ ချောက်၊ အောင်လံ၊ ဆိပ်ဖြူ၊ ပခုက္ကူ၊ သရက်နဲ့ မကွေးမြို့ပေါ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ စာပေဟောပြောပွဲတွေကို ပိတ်ပင်ခံခဲ့ရဖူးပါတယ်။
ဒါပေမယ့် အင်္ဂါနေ့က မကွေးတိုင်း ဆေးတက္ကသိုလ်မှာ ကျင်းပတဲ့ ဆရာအောင်သင်း၊ ဆရာမ သန်းမြင့်အောင်နဲ့ ဒေါက်တာ အောင်ကြီးတို့ ဟောပြောပွဲကိုတော့ ခွင့်ပြုခဲ့ပါတယ်။
မကွေးတိုင်း အတွင်းမှာ ဟောပြောပွဲ ပိတ်ပင်ခံ ထားရ ပေမယ့် ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေ မှာတော့ ခွင့်ပြု နေတယ်လို့ သိရ ပါတယ်။
No comments:
Post a Comment