ချင်း လူမျိုးစု ခေါင်းဆောင် တဦး ဖြစ်တဲ့ ပူးကျင့် ရှင်းထန်ရဲ့ နိုင်ငံကူး လက်မှတ် လျှောက်ထားတာ ပုံမှန်ထက် ကြန့်ကြာ နေတယ်လို့ ကာယ ကံရှင်က ဒီဗွီဘီကို ပြောပါ တယ်။၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး၊ အခုဖျက်သိမ်းတာခံထားရတဲ့ ဇိုမီး အမျိုးသား ကွန်ဂရက်ပါတီရဲ့ ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်းက နိုင်ငံခြားမှာ မျက်လုံးကုသမှု ခံယူဖို့ မနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့ ကတည်းက နိုင်ငံကူးလက်မှတ် လျှောက်ထားတာ ခုချိန်ထိ မရသေးတဲ့ အကြောင်းအခုလို ပြောပြပါတယ်။
“(မျက်စိ)ခွဲတဲ့ ဆရာဝန်က အခု ခွဲတာက ဒီလောက်ထိပဲ ဒါပေမယ့် ကောင်းကောင်း မမြင်သေးဘူး ဆိုတော့ နိုင်ငံခြားသွားပြီးတော့ နည်းနည်း စစ်ဆေးမှ ကောင်းမယ်လို့ အကြံပြုတော့ ပတ်စ်ပို့လျှောက်တယ်။ ကျနော်က လူမျိုးစု နိုင်ငံရေးသမားဆိုပြီးတော့ ကျနော့်ကို ပတ်စ်ပို့ မပေးဘူးလို့ အဲလိုပဲ အောက်မေ့ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်က ၂၁ ရက် မကဘူး တလကျော်နေပြီ အခုထက်ထိ မရဘူး။ အဲဒါ ကို ကျနော့်ကို အခွင့်အရေး ပိတ်ပင်တယ်။ ဒီပတ်စ်ပို့ကတော့ လူတိုင်း ရတယ်။ ကျနော်က နိုင်ငံသားလည်း ဖြစ်တယ်။ အပြစ်လည်း မရှိ ပါဘူး။ ထောင်ခဏခဏ ကျပေမယ့် ဥပဒေ ချိုးဖောက်တာလည်း မရှိဘူး။”
နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ အရင်က နိုင်ငံကူး လက်မှတ် လျှောက်ထားရင် တလကျော် ကြာမြင့်တတ်ပေမယ့် မနှစ် ဇူလိုင်လ ဒုတိယပတ်က စလို့ ၊ စလျှောက်တဲ့နေ့ကနေ ၂၁ ရက်အတွင်း နိုင်ငံကူး လက်မှတ် ထုတ်ပေးနေတာ ဖြစ်ပါတယ်။
ပူးကျင့်ရှင်းထန်ဟာ စီအာရ်ပီပီလို့ ခေါ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မ တီရဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်တွေက သူ့ကို အစိုးရက ထောင်ကိုးကြိမ် ချခဲ့ဖူးတာကြောင့် ထောင်ထဲမှာပဲ သူ့မျက်လုံး အမြင်အာရုံ အခြေအနေ ဆိုးခဲ့ရတယ် လို့ ပူးကျင့်ရှင်းထန်က ပြောပါတယ်။
No comments:
Post a Comment