Sunday, February 12, 2012

အရှုံးမပေး - ၃

မဇ္ဈိမသတင်းဌာန

တကယ်ဖြစ်လာသော အိပ်မက်

ကျမက ပန်းနုပါ ဟိုးအရင်တုန်းကတော့ လိင်အလုပ်သမအဖြစ် မိခင်ကြီးကို ရှာဖွေကျွေးမွေးပြုစုဖူးပါတယ်။ ပျော်စရာဘဝ မဟုတ်ပေမယ့် မိခင်ကြီးကို ကျေးဇူးဆပ်ခွင့် ပြုစုခွင့်ရတယ်လို့ ခံယူပြီး ကြည်နူးမျက်ရည်တွေ ကျခဲ့ဖူးပါတယ်။ လိင်အလုပ်သမ အလုပ်ဆိုတာနေ့စဉ် လူ မျိုး စုံ၊ အကျင့်စရိုက်မျိုးစုံ၊ အလွှာမျိုးစုံနဲ့ ဆက်ဆံနေရတော့ HIV/AIDS ဆိုတဲ့ ရောဂါကိုကြောက်ပေမယ့် ရောဂါဖြစ်စေမယ့် အချို့ကိစ္စ တွေက ကျမတို့ရဲ့နေစဉ်လုပ်ငန်းပါ။

ကျမမျှော်လင့်သလိုပါပဲ တနေ့မှာ ကျန်းမာရေး ကူညီစောင့်ရှောက်နေတဲ့ အဖွဲ့တခုက သွေးစစ်ဖို့လာခေါ်တော့ လိုက်သွားပြီး သွေးစစ် လိုက်တော့ ကျမမှာ HIV ပိုးရှိနေပြီဆိုတာ သိလိုက်ရတယ်။ မျှော်လင့်ထားတာဖြစ်လို့ မကြောက်ပေမယ့် ခံစားရတဲ့ ခံစားချက်ကိုတော့ ဘယ်လိုမှ ပြန်မပြောတတ်တော့ပါဘူး။ သူများကို မကူးအောင် တော့ အမြဲစောင့်ထိန်းတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ နောက်ဘဝကျ ထပ်ဖြစ်နေမှာစိုးလို့။ ကံကံ၏ အကျိုးကိုတော့ ယုံကြည်တယ်။ ဒါပေမယ့် လိင်အလုပ်သမ အလုပ်ကတော့ ဆက်လုပ်နေရတုန်းပါပဲ။

အမေက ကျမလုပ် စာတခုတည်းနဲ့ အသက်ရှင်နေတာလေ။ အမေလဲ နောက်တနှစ်နီးနီးလောက်ကျတော့ လူကြီးရောဂါနဲ့ ဆုံးသွားတယ်။ ကျမဆုံးဖြတ်ချက်ချလိုက်တယ် ဘာနဲ့ဘဲစားရစားရ လိင်အလုပ်သမ အလုပ်ကို ရပ်လိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကံဆိုးတာ တွေရဲ့ကြားက ကံကောင်းတာတခုကတော့ ပိုးရှိနေတာကို သိပေမယ့် လက်ထပ်မယ့်သူ တယောက်ရှိနေတာပါ။ သူနဲ့လက်ထပ်ပြီး ဘာ အလုပ်မှ မလုပ်ဘဲ နေနေခဲ့တယ်။ အဆင်မပြေတဲ့ ရက်တွေပါ။

သတင်းလေးတခု ရလာခဲ့တယ်။ Padonmar အဖွဲ့က သဇင်ဆေးခန်းကို သွားမယ့်သူတွေကို အတူတူခေါ်သွားပြီး ပြပေးနေတယ်လို့။ စုံစမ်းလိုက်တော့ အကူအညီပေးတာက လိုက်ပို့ ပေးတာပဲဖြစ်နေတယ်။ ကိုယ့်စားစရိတ်၊ ကိုယ့်ခရီးစရိတ် ကိုယ့်ဘာသာထုတ်ပြီး တူတူ စုသွား ကြတာတဲ့။ အလုပ်ကလည်းမရှိတော့ ငွေပိုရော ပိုက်ဆံရောမှ မရှိတာ။ မလိုက်နိုင်တော့ပါဘူး။ ဒါပေမယ့် အိပ်မက် အသစ် တခု တော့ရလိုက်တယ် ART ပေါ့ အဲဒါက ကျမတို့ လို ရောဂါရှိသူတွေ တနေ့သောက်ကိုသောက်ရမယ့် ဆေးတမျိုးပေါ့။ အလကား တိုက်မယ့် သူလည်းရှိတယ်တဲ့။ အဲနေရာကိုသွားဖို့ ပိုက်ဆံမရှိသေးလို့ပေါ့။ ဘယ်သူကိုမှလဲ မပြောပြပါဘူး ကိုယ့်ဘာသာ တနေ့သွားနိုင်ရမယ် ဆိုပြီး တော့ပဲ အားတင်းနေလိုက်တယ်။

အလုပ်ကမရှိတော့ Padonmar အဖွဲ့ဆီကိုသွားလည်လည်နေရင်းနဲ့ လိင်အလုပ်သမတွေကို ကူညီနေတယ်ဆိုတဲ့ အဖွဲ့တခုနဲ့ Padonmar က မိတ်ဆက်ပေးခဲ့တယ်။ ဘာမှသိပ်မရခဲ့ပါဘူး။ အလုပ်မလုပ်တော့တဲ့ လိင်အလုပ်သမ ဆိုတော့ သူတိုက သိပ်မကူ ညီချင်ကြ တာလား မသိဘူး သင်တန်းတော့တက် ဖူးလိုက်ပေမယ့်။ နောက်ဆုံးကျတော့ သူတို့နဲ့လည်း အဆင်မပြေပါဘူး။ ကျမက စာမတတ်လို့ဆိုပြီး အလုပ် အတွက်လည်း ဝင်ငွေမရဘဲ မသွားဖြစ်တော့ ဘူး။ ART အိပ်မက်ကတော့ ရှိနေတုန်းပါပဲ။ Padonmar ကိုပါ သွားမလည်ဖြစ်တော့ဘူး။

တနေ့မှာ Padonmar က ကျမကို လာဆက်သွယ်ပြီး လိင်အလုပ်သမ တွေကို ART ပေးနေတဲ့အဖွဲ့ တခုနဲ့ ဆက်သွယ်မိတယ် မုံရွာမှာ သွားတွေ့ကြည့်ပါလားလို့ သတင်းလာပေးပြန်တယ်။ ခရီးစရိတ် Padonmar က စိုက်မှာဖြစ်ပေမယ့် ခရီးစရိတ်တခုတည်းနဲ့ ခရီးထွက်လို့မှ မရတာ။ ရဖို့၊ မရဖို့ကလည်း မသေချာတော့ မသွားချင်တော့ဘူး။ ART မရလည်း နေပါစေတော့ ဘဝမှာမိခင်ကိုလည်း လုပ်ကျွေးပြီး သားဆိုတော့ သေသေလို့တောင်တွေးပြီး နေချင် သလို နေမိတယ်။ Padonmar အဖွဲ့က နောက်ထပ်တကြိမ် လာဆက်သွယ်တော့ ဝင်ငွေ အကြောင်းကို ပြောပြလိုက် တယ်။ စာမတတ်လို့ အခက်အခဲရှိကြောင်းလည်း ပြောပြလိုက်တယ်။

အဲလိုနဲ့ သူတို့လည်း သူတို့အချင်းချင်း ဆွေးနွေးကြရင်းနဲ့ နောက်ဆုံး ဘဝတူ HIV ရောဂါသည်တွေကို ပြုစုစောင့် ရှောက်ရတဲ့ သူ ဖြစ်လာ ခဲ့တယ်။ မိခင်ကြီးကို လုပ်ကျွေးရတုန်းကရခဲ့ တဲ့ ကြည်နူးမှုမျိုးတွေ ပြန်ရလာတယ်။ သူငယ်ချင်းတွေ များလာတယ်။ လူရာဝင်လာတယ်လို့ ခံစားရတယ်။ ဝင်ငွေရှိလာတယ်။ ဒါပေမယ့် ART အိပ်မက် ကိုတော့ ရေးရေးပဲ ပြန်မက်ရဲတော့တယ်။ သူများတွေ ART သောက်ခွင့်ရပြီ သတင်းတွေ ခဏခဏကြားရရင် သူတို့ အတွက် ဝမ်းသာပေမယ့် ဘာကိုမှန်းမသိဘူး ကြိတ်ဝမ်းနည်းတယ်။ ဝင်ငွေလေးရှိလာတော့ ဒီ လောက်ခက်ခဲတဲ့ ART ကိုယ့်ဘာသာဝယ် သောက်မယ်လို့ဆုံးဖြတ်တယ်။ အဲလိုနဲ့ တိုင်ပင်ဖြစ်သွားတယ်။ CD4 တွေစစ် လုပ်စရာ ရှိတာ လုပ်ပြီး ဆရာဝန်က သောက်သင့်ပြီလို့ ဆုံးဖြတ်ပြီး ကိုယ့်ဘာသာဝယ် သောက်ပစ်လိုက်တယ်။ ကျမအရမ်းပျော်တာပဲ။

ပခုက္ကူမှာ ပေးနေပြီလို့ အဖွဲ့က သတင်းရတဲ့အချိန်မှာ ပထမဆုံးသူအဖြစ် ကျမသွားခဲ့တယ်။ ခရီးစရိတ်ရော ကိုယ့်ဘာသာသွားနိုင်ပြီလေ။ Padonamr အဖွဲ့ရဲ့ စေတနာ့ဝန်ထမ်းလို့ ပြောရတဲ့အတွက် စိတ်လုံခြုံတယ် ကျမဂရုစိုက် ပြုစုခဲ့သူတွေ ကျမတို့မြို့မှာ အများကြီးလေ။ ကုသိုလ် ကောင်းမှုတွေကြောင့်ရယ် အဖွဲ့အချင်းချင်း ချိတ်ဆက်မှုအားကြောင့်ရယ် နေ့ချင်းပဲ ART အခမဲ့ သောက်ခွင့်ရလိုက်တယ်။ အိပ်မက်တွေ ပြည့်စုံသွားပါပြီ ART သောက်ခွင့်ရအောာင်အကြိမ်ကြိမ် သတင်းပေးညွှန်းပို့ပေးတဲ့ Padonmar ကို ကျေးဇူးတင်တယ်။

ဘဝတူတွေကို စောင့်ရှောက်ခွင့်ရအောင် စီစဉ်ပေးတဲ့ CBO တွေနဲ့ အဲအစီအစဉ်တွေကို ခွင့်ပြုထောက်ပံ့ပေးတဲ့ အလှူရှင် အဖွဲ့တွေကို လည်း ကျေးဇူးတင်ပါတယ်။ အခု ပခုက္ကူကို ဆေးထုတ်သွားတဲ့ သူလူသစ်တွေကို ကျမတို့ အဖွဲ့က ကိုယ့်စရိတ်နဲ့ကိုယ် လိုက်ကူညီ ပေး တယ်။ နောက်ဘဝကျ မကောင်းတဲ့ကံအကျိုးပေး ကျန်နေသေးရင်တောင်မှ ဒီကုသိုလ်ကြောင့် အဆင်ပြေပြေ ဆေးသောက်ခွင့်ရမယ်လို့ ယုံကြည်တယ်။

No comments: