အံ့ဘုန်းမြတ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဒီလ ၄ ရက်နဲ့ ၅ ရက် နေ့တွေမှာ သွားရောက်မယ့် မန္တလေး ခရီးစဉ် အတွင်း လူထု ဟောပြောပွဲကို မန္တလေးမြို့ရှိ မိုင်တာ ကွင်းမှာ ကျင်းပ ပြုလုပ်ဖို့ ကော်မ ရှင်ကို တင်ပြထား တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က ပြောပါတယ်။
အရင်က ဗထူး အားကစား ကွင်းမှာ ပြုလုပ်ဖို့ စီစဉ်ခဲ့ ပေမယ့် မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ခွင့်မပြု တာကြောင့် ပြောင်းရွှေ့ကျင်းပပြု လုပ်ဖို့ စီစဉ် ရတာလို့ ဒီခရီး စဉ်ကို စီစဉ် ပေးနေတဲ့ အဖွဲ့ချုပ် ဗဟို ဦးစီး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
“ဗထူး ကွင်းက ကျနော်တို့ သိတာက အားကစား ဝန်ကြီး ဌာန ကနေ သူတို့ မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ ချုပ်ကို နှစ်ချုပ်နဲ့ ငှားထား ပြီးသားတဲ့။ အဲဒီ ကိုဇော်ဇော်က မပေး တာဗျာ။ အကြောင်း အမျိုးမျိုး ပြပြီး တော့ပေါ့။ ၄ ရက်နေ့ ကျနော်တို့ အဲဒီမှာ လုပ်ခွင့် မရဘူး။ ကျနော်တို့က အခု မန္တလေး တောင်ခြေ ပေါ့။ မိုင်တာ ကွင်းကို လက်ခံ ကျင်းပဖို့ စာတင် ထားတယ်။”
အန်အယ်လ်ဒီ ပါတီအနေနဲ့ အခုလို လူထုဟောပြောပွဲလုပ်ဖို့ နိုင်ငံရေးပါတီများ လုပ်ထုံးလုပ်နည်း ဥပဒေတွေနဲ့အညီ တိုင်းကော်မရှင်ကို ၁၀ ရက် ကြိုတင် လျှောက်ထားခဲ့တာဖြစ်ပြီး ခွင့်ပြု မပြုကို ကော်မရှင်က ဟောပြောပွဲမလုပ်ခင် ၄၈ နာရီ ကြိုတင် အကြောင်းကြားမယ်လို့ ပြောကြားထားကြောင်း ဦးအုန်းကြိုင်က ပြောပါတယ်။
ပြီးခဲ့ရက်ပိုင်းတွေကလည်း အစိုးရပိုင်သတင်းစာတွေမှာ နိုင်ငံရေးပါတီတွေ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကော်မရှင်က ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအတိုင်း လိုက်နာပြီး မဲဆွယ်စည်းရုံးမှုတွေ လုပ်ဖို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီလို ထုတ်ပြန်ကြေညာလာတဲ့အပေါ်ကို အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။
“အခုပါတဲ့ သတင်းစာတွေမှာ မကဘူး။ ကျနော်တို့ ခဏခဏလည်း သတင်းမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုရင် ဘာပါရမယ် ဆို တာမျိုး သူတို့ပြဋ္ဌာန်းချက်တွေနဲ့ ပတ်သက်ပြီးတော့ သူတို့အစီရင်ခံထဲမှာ ဥပဒေနဲ့အညီ ပြည်ထောင်စုကော်မရှင်က ဆောင်ရွက်တဲ့လုပ်ငန်းမှာ ကျနော်တို့ကြိုဆိုပါတယ်။ ကျနော်တို့ ဘယ်လိုမှ ကျနော်တို့ကို လုပ်တယ်မထင်ပါဘူး။ ဒါက ဥပဒေနဲ့အညီ ပြည်ထောင်စုကော်မရှင်က သတိပေးတဲ့သဘောနဲ့ ထုတ်နေတာလို့ ကျနော်တို့ အဲ့လိုပဲ နားလည်တယ်။”
ဒါ့အပြင် အန်အယ်လ်ဒီပါတီအနေနဲ့ ကော်မရှင်က ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပါတီ ဥပဒေတွေနဲ့အညီသာ ဆောင်ရွက်နေတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ကျနော်တို့ကလည်း ချို့ယွင်းချက် မရှိအောင် ကြိုးစား ဆောင်ရွက်နေတယ်။ ဥပမာ မန္တလေး ခရီးစဉ်ရှိတယ်။ ကျနော်တို့ ဟောပြောမယ့် အများပြည်သူနေရာကို တင်ပြတောင်းဆိုထားတယ်။ ခွင့်ပြုချက် မရရင် ကျနော်တို့ မလုပ်ပါဘူး။ အဲဒါမျိုးပေါ့။ တတ်နိုင်သမျှ ဥပဒေနဲ့ ညီညွတ်အောင် ကြိုးစားပါတယ်။ ဥပဒေနဲ့အညီ ကြိုးစားပေမယ့်လို့ ကျနော်တို့ မရခဲ့ရင်လည်း နောက်မှ ရက်တွေရွှေ့ပြီး ပြန်လုပ်ရမှာပေါ့။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးခရီးစဉ်အတွင်းမှာတော့ လူထု ဟောပြောပွဲပြုလုပ်မှာ အပါအဝင် မဟာအောင်မြေမြို့နယ် ရုံးခန်းနဲ့ ဓမ္မ သာလာမှာ ကျင်းပမယ့် ဓာတ်ပုံပြပွဲတွေကို ဖွင့်လှစ်ပေးဖို့ ရှိနေပါတယ်။
ဒါ့အပြင် အန်အယ်လ်ဒီပါတီရဲ့ ပညာရေးကွန်ရက်က ဖွင့်လှစ်ထားတဲ့ အမေ့အိမ် အခမဲ့စာသင်ကျောင်း၊ အမရပူရမြို့ရှိ အခမဲ့ကုသိုလ်ဖြစ် ဆေးခန်းတွေနဲ့ တံတားဦးမြို့တွေကို သွားရောက်ဖို့ ရှိနေပါတယ်။
No comments:
Post a Comment