အာကာ၊ ကောင်းဝါသတင်းဌာန
၁၉၉၇ ခုနှစ်မှ စ၍ အခမ်း အနားဖြင့် ကျင်းပခွင့် တားမြစ် ခံရသည့် ရန်ကုန် မွန် အမျိုးသား နေ့ကို ပြန်လည် ကျင်းပခွင့် ရပြီ ဖြစ်ကြောင်း မွန် အမျိုး သားနေ့ ကျင်းပရေး ကော်မတီ (ရန်ကုန်) က ပြောသည်။
ရွှေရတုသဘင် မွန်အမျိုးသားနေ့ အခမ်းအနားကို ပဒုမ္မာကဇာတ်ရုံတွင် နောက်ဆုံး ကျင်းပပြီးနောက် ၁၅ နှစ်တာကာလအတွင်း ပထမ ဆုံး အကြိမ် ပြန်လည်ကျင်းပခွင့် ရခြင်း ဖြစ်သည်။
ယခုနှစ် ၆၅ ကြိမ်မြောက် အခမ်းအနား ကျင်းပခွင့်ရရန် မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီ (ရန်ကုန်) ၏ လျှောက်ထားချက်ကို ရန် ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရုံးက ခွင့်ပြုချက် ချပေးခြင်း ဖြစ်သည်။
“အရင်အရင်နှစ်တွေကလည်း ကျနော်တို့ လျှောက်ထားပါတယ်။ မွန်အမျိုးသားနေ့ လုပ်ချင်ရင် မွန်ပြည်နယ်မှာ လုပ်လို့ ကျနော်တို့ကို ပြော တယ်။ ဒီနှစ်က စလို့ ဒီလိုလုပ်ခွင့်ရတာ အရမ်းကို ဝမ်းသာပါတယ်” ဟု မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီ (ရန်ကုန်) အတွင်းရေးမှူး နိုင်စိုးကြည်က ပြောသည်။
ပိတ်ပင်မခံရမီ အချိန်များက အခမ်းအနားကို ရန်ကုန်မြို့ သိမ်ဖြူကွင်းနှင့် ပဒုံမာကဇာတ်ရုံတို့တွင် မွန်ရိုးရာ လက်ဝှေ့ပွဲ အပါအဝင် ရိုးရာ ပျော်ပွဲရွှင်ပွဲများဖြင့် အလွန်စည်ကားစွာ ကျင်းပခဲ့သည်။
ပိတ်ပင်ခံရပြီး နောက်ပိုင်းတွင် အထိမ်းအမှတ်အနေဖြင့် သံဃာတော်များအား ဆွမ်းဆပ်ကပ်ခြင်းဖြင့်သာ ကျင်းပလာခဲ့ရသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျရောက်မည့် ၆၅ ကြိမ်မြောက် မွန်အမျိုးသားနေ့ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်၌ ညနေ ပိုင်းတွင် ကျင်းပမည် ဖြစ်သည်။ နံနက်ပိုင်းတွင် ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း အပါအဝင် တိုင်းရင်းသား ကျေးရွာတွင် သင်္ကြန်ထမင်းဖြင့် ဧည့်ခံ ကျွေးမွေးပြီး ဖျော်ဖြေပွဲ အစီအစဉ်များကိုလည်းကောင်း အသီးသီး ကျင်းပမည် ဖြစ်ကြောင်း နိုင်စိုးကြည်က ပြောသည်။
ဗဟိုအခမ်းအနားကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းရွာတွင် ကျင်းပမည် ဖြစ်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်က တက် ရောက်မည် ဖြစ်သည်။ အလားတူ မွန်ပြည်နယ် မြို့တော် ဖြစ်သည့် မော်လမြိုင်မြို့ အခမ်းအနားကို ပြည်နယ်ခန်းမတွင် ကျင်းပမည် ဖြစ်ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်မည် ဖြစ်ကြောင်း ကျင်းပရေး ကော်မတီ (ဗဟိုနှင့် မော်လမြိုင်) မှ ဖျော်ဖြေရေး တာဝန်ခံ မိမိုးမိုးက ပြောသည်။
ယခင်က မွန်အမျိုးသားနေ့ကို မိမိဒေသအလိုက် ကျင်းပလာခဲ့ရာမှာ ရွှေရတုသဘင် ဖြစ်သည့် ၁၉၉၇ ခုနှစ်မှ စပြီး မွန်ပြည်နယ်၊ ကရင် ပြည် နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်များ စုပေါင်းကာ ကျင်းပရေး ဗဟိုကို ဖွဲ့စည်းခဲ့သည်။ ဗဟိုအဆင့်ကို ဖွဲ့စည်းပြီး နောက်ပိုင်း တွင် ဗဟိုအခမ်းအနားကို နှစ်စဉ် နေရာဒေသ ပြောင်းရွှေ့ကာ ကျင်းပလာခဲ့သည်။
ယခုနှစ် မွန်အမျိုးသားနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာကို အေဒီ ၈ ရာစု မွန်လက်ရာဖြစ်သည့် ကရင်ပြည်နယ် ဘားအံမြို့အနီး ကော့ ဂွန်း ဂူကြီးရှိ ကျောက်နံရံမှ အုတ်ခွက်ဘုရား ဆင်းတုတော်ပုံများနှင့် မွန်ကျောက်စာများဖြင့် သရုပ်ဖော်ထားသည်။
မြိုင်ကလေး ဘိလပ်မြေစက်ရုံအတွက် ကုန်ကြမ်းများ ထုတ်လုပ်သည့် ပတ်ဝန်းကျင်ရှိ ကျောက်မိုင်းကြောင့် ကော့ဂွန်းဂူနံရံမှ အုတ်ခွက် ဘုရားများ နေ့စဉ် ကွာကျ ပျက်စီးလျက် ရှိသည်ကို သတိမူစေလိုသည့်အတွက် မြေစိုက်ပိုစတာအတွက် အထက်ပါ သရုပ်ဖော်ပုံကို ရွေး ချယ်ခြင်း ဖြစ်ကြောင်း ကျင်းပရေး ကော်မတီ (ဗဟို) နှင့် နီးစပ်သူများက ပြောသည်။
သမလ၊ ဝိမလ မင်းညီနောင်နှစ်ပါး ဟံသာဝတီ မင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ ၁၉၄၈ ခုနှစ်မှ စတင် ကျင်းပခဲ့သည်။
No comments:
Post a Comment