မြန်မာ နိုင်ငံကို ရောက်ရှိ နေတဲ့ ကုလ သမဂ္ဂ လူအခွင့် အရေး ကိုယ်စား လှယ် မစ္စတာ ကင်တား နားဟာ ဒီကနေ့ မနက်ပိုင်း ၁၁ နာရီမှာ ရန်ကုန် အင်းစိန်ထောင် ကိုသွားရောက် ခဲ့ပြီး အင်းစိန် ထောင်အတွင်း နိုင်ငံရေး အကျဉ်းသား ၃ ဦးနဲ့ တွေ့ဆုံ ခဲ့ပါတယ်။အဲဒီနောက်မှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ အပါအဝင် အဖွဲ့ဝင်တချို့နဲ့လည်း နေလည်းပိုင်းမှာ တွေ့ဆုံတယ်လို့ အမျိုးသား လူအခွင့်ရေးကော်မရှင်က ဦးခင်မောင်လေးက ဒီဗွီဘီကို ပြောပါတယ်။
“အထူးအထွေတော့ မရှိပါဘူး။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်းထားတာလေးတွေကို ဝမ်းသာတယ်လို့ ပြောတယ်။ သူသိချင် တဲ့ အချက်တချို့လေးတော့ မေးသွားတာပေါ့။”
မစ္စတာ ကင်တားနားဟာ ညနေပိုင်းမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သူမရဲ့ နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ပြီး ပြည်တွင်းပြည်ပက သတင်းထောက်တွေကိုလည်း တွေ့ခဲ့တယ်လို့ ကိုယ်တိုင် သတင်းသွားရောက် ယူနေတဲ့ ပြည်ပ သတင်းဌာန သတင်းထောက် တဦးက ဒီဗွီဘီကို အခုလို ပြောပါတယ်။
“မေးခွန်း ၂ ခုလောက်တော့ သူ ပြောသွားတယ်။ မေးခွန်းတခုက ကျေနပ်လားလို့ မေးတော့ ကျေနပ်တယ် မကျေနပ်ဘူးဆိုတာ သူ့(တင် ပြ ချက်) report ထဲကျမှ ထည့်ရေးမယ်ပေါ့။ အရေးကြီးတာတွေတော့ မပါပါဘူး။ အများကြီး မပြောဘူး။ တခြားသီးခြားဟာ မေးတော့ သူ မန္တလေးသွားတဲ့ ကိစ္စကတော့ နေရာကြောင့်ပါ။ နေရာကို သေချာ ပြင်ဆင်ပြီးမှ သူသွားမှာပါတဲ့။ ကျန်တဲ့ ခရီးစဉ်လည်း စီစဉ် ထားတဲ့အ တိုင်း သွားမယ်တဲ့။ အသေးစိတ်ကတော့ နောက်ဆုံးနေ့ကျမှ ပြောမယ်တဲ့။ တချို့ဟာတွေလည်း report ထဲမှာ ထည့်ရေးမယ်လို့ ပြော တယ်။”
ညနေပိုင်းမှာလည်း ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေနဲ့ မကြာခင်က အကျဉ်းထောင် အသီးသီးက လွတ်မြောက်လာတဲ့ ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံတယ်လို့ သိရပါတယ်။
ဇိုမီအမျိုးသားကွန်ဂရက်က ပူကျင်ရှင်ထန်က တိုင်းပြည် ငြိမ်းချမ်းရရုံနဲ့ မပြီးဘဲ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးဟာ အရေကြီးပုံကိုလည်း ကင်တာနာနဲ့ ဆွေးနွေးခဲ့တယ်လို့ ဒီဗွိဘီကို အခုလို ပြောပါတယ်။
“ခွန်ထွန်းဦး၊ ကျနော်၊ ဦးအေးသာအောင်ရယ် ကျနော်တို့ သုံးယောက်တော့ ကောင်းကောင်း သိတယ်လေ။ အထူးသဖြင့် ကျနော်တို့ အားလုံး ပြောနေတာက တိုင်းပြည်ကို ဒီမိုကရေစီ တည်ဆောက်မယ်ဆိုရင် တိုင်းပြည်အေးချမ်းဖို့ လိုတယ်။ စစ်ဖြစ်ဖို့ မလိုဘူး။ အဲဒါကြောင့် အပစ်အခတ်ရပ်စဲရုံနဲ့တော့ တိုင်းပြည်က အေးချမ်းမှာ မဟုတ်ဘူး။ နောက်တခါ ပြန်စစ်မဖြစ်ရအောင် ဒီနိုင်ငံကို တည်ဆောက်တုန်းက ပင်လုံ စာချုပ်အရ ကျနော်တို့တည်ဆောက်တယ်။ အဲဒီအတိုင်း ဘယ်သူက ဘာကြောင့် မလိုက်နာတာလဲ။ မလိုက်နာရင် ဒုတိယ ပင်လုံ ညီလာခံလုပ်ပြီးတော့ ဖြေရှင်းမှ ဖြစ်မယ်။ အဲလိုမှ မဟုတ်ရင် အခေါက်တရာ လာလည်း ပြီးမှာ မဟုတ်ဘူး။ အဲဒါကို လိုအပ်တယ်လို့ အရေးဆိုကြတယ်လေ။”
ကင်တားနားဟာ မနက်ဖြန်မှာလည်း ကရင်နဲ့ မွန် တိုင်းရင်းသာဒေသတွေကို သွားရောက်မှာ ဖြစ်ပါတယ်။
No comments:
Post a Comment