Tuesday, February 21, 2012

ဒေါ်ဘောက်ဂျာအား ကချင်လူမှုရေးထူးချွန်ဆု ချီးမြှင့်

KNG


မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းဆောင်ရွက်သူ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီမှ ဒေါ်လဗျောင်ဘောက်ဂျာအား အမေရိ ကန်ရောက် ကချင်အမျိုးသားများက "Myusha Gintawng" လူမှုရေးထူးချွန်ဆု ပေးအပ်ချီးမြှင့်ခဲ့သည်။

"သူတို့ဂုဏ်ပြုလောက်အောင် ကျမမှာဂုဏ်သတ္တိမရှိပါဘူး။ သူတို့မေတ္တာနဲ့ ယုံကြည်စိတ်နဲ့ ဂုဏ်ပြုတာကို အရမ်းကျေးဇူးတင်တယ်။ မသိ မတတ်ပေမယ့် အမျိုးသားရေးကို အရင်ထက်ပိုပြီး ကြိုးစားမယ်လို့ ကျမအနေနဲ့ ခံယူတယ်။" ဟု ဒေါ်ဘောက်ဂျာက ဆုလက်ခံရရှိခြင်းနှင့် ပတ်သက်၍ ကချင်သတင်းဌာနသို့ ပြောသည်။

ဆုချီးမြှင့်ခြင်းအစီအစဉ်ကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ Mid-Atlantic Kachin Christian Fellowship တွင် ဖေဖော်ဝါရီလ ၁၇ ရက် သောကြာနေ့ညနေတွင် ကျင်းပခြင်းဖြစ်သည်။

ဒေါ်ဘောက်ဂျာကို လက်မှတ်နှင့်အတူငွေသား ချီးမြှင့်သည့်အကြောင်းမှာ "စစ်ပွဲကြောင့် ဒုက္ခခံစားနေရသော ကချင်စစ်ပြေးဒုက္ခသည်များ ကိုယ်စား ရပ်တည်ပေးသည့်အတွက်ကြောင့်" ဆုချီးမြှင့်ခြင်းဖြစ်ကြောင်း အစီအစဉ် ဦးဆောင်သူ ဆလန်ဘောမ်ယိန်း ပြောသည်။

မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေး (Vision of Peace) အဖွဲ့ခေါင်းဆောင် ဒေါ်ဘောက်ဂျာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဒေါ်ခင် သန်းမြင့်နှင့် လူရွှင်တော်ဇာဂနာတို့နှင့်အတူ NED (National Endorsement for Democracy) အဖွဲ့မှ ဖိတ်ကြားခြင်းကြောင့် အမေရိ ကန် နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။

"အခုသွားရတဲ့ အဓိကအကြောင်းရင်းက မြန်မာနိုင်ငံအရေး၊ ပြည်တွင်းစစ်ဘာကြောင့် ဒီလောက်ကြာနေရတာလဲ သူတို့သိချင်နေတယ်။ ကချင်တွေရဲ့အကြောင်းလည်း သိချင်နေတော့ ခေါ်တာဖြစ်တယ်။ သူတို့ပြောပြတဲ့အထဲမှာ ကချင်ပြည်နယ်မှာ တိုက်ပွဲအကြိမ် ၂၀၀ ကျော် နေပြီ၊ စစ်ပြေး ၇၀၀၀၀ ကျော်နေပြီ၊ ဒီလိုပဲကြည့်နေတော့မှာလား။ စစ်ပြေးဒုက္ခသည်တွေကို ဘယ်နိုင်ငံမှမကူညီကြသေးဘူး၊ ဒါ တွေကူညီပေးပါ။ မြန်မာအစိုးရ သဘောမတူရင် တူအောင်ဘယ်လိုပဲလုပ်လုပ် လက်တွေ့ကူညီဖို့လိုတယ်။" ဟု သက်ဆိုင်ရာနိုင်ငံတကာ အရာရှိများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း ကချင်သတင်းဌာနသို့ပြောသည်။

ယမန်နှစ်ကလည်း ကချင်ပြည်နယ် အနောက်ဘက် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် လယ်ယာမြေသိမ်းခံရသူ ဒေသခံ ကချင်ပြည် သူများ အတွက် အကာအကွယ်ပေး လုပ်ဆောင်ခဲ့မှုအတွက် ဥရောပရောက် ကချင်အမျိုးသားများက ဒေါ်ဘောက်ဂျာကို "The Kachin Civilian Defender" ဆု ပေးအပ်ခဲ့သည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်အတွက် သူမသည် NDF ပါတီ ကိုယ်စားပြု အရွေးခံမည် ဖြစ်သည်။

No comments: