
အကျိုးအမြတ် နည်းခြင်းကြောင့် ဘုရားသုံးဆူမြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်တွင် တည်ရှိသည့် သပြုသတ္တုမိုင်းအတွင်း ခနောက် စိမ်း တူးဖော်နေသည့် ကုမ္ပဏီအချို့ ရပ်နားထားရကြောင်း ကုမ္ပဏီနှင့် နီးစပ်သူများက ပြောသည်။
ဈေးကျဆင်းမှုနှင့် အကောက်အခွန်များခြင်းကြောင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဒူပလာယာခရိုင်၊ တပ်မဟာ ၆ နယ်မြေ အ တွင်း တည်ရှိသည့် ထိုသတ္တုမိုင်းတွင် နဝရတ်နှင့် အောင်မြေ ကုမ္ပဏီနှစ်ခုသာ ဆက်လက် တူးဖော်နိုင်ပြီး မြပန်း၊ ထူးအောင်မြတ်၊ သုဇန ပွင့် စသည့် ကုမ္ပဏီများ ရပ်နားလိုက်ရသည်။
“ဈေးက ထက်ဝက်လောက် ကျသွားတာရယ်၊ နောက်တော့ အရင်းအနှီးက များတာရယ်ကြောင့် ကျနော်တို့ ဆက်မတူးနိုင်တော့ဘူး” ဟု ရပ်နားထားသည့် ကုမ္ပဏီပိုင်ရှင်နှင့် နီးစပ်သူတဦးက ပြောသည်။
KNU တပ်မဟာ ၆ မှ ဗိုလ်ကြီး ထက်နေကလည်း “ဒီနှစ်မှာဆို အကြီးစား ကုမ္ပဏီ တခုပဲ ရှိတယ်။ တနိုင်တပိုင် လုပ်တဲ့ ဒေသခံတွေပဲ များတယ်” ဟု ပြောသည်။
၂၀၁၁ ခုနှစ် ဇွန်လမတိုင်မီက အရည်အသွေး ၃၀ ရာနှုန်းရှိ ခနောက်စိမ်းအရိုင်းတုံး တတန်လျှင် ထိုင်းငွေ ၄၅,၀၀၀ ဘတ် ရှိရာမှ ယခု ၂၇,၀၀၀ ဘတ်ထိ ထိုးကျခဲ့သည်။
သတ္တုမိုင်းအတွင်း လုပ်ကိုင်ခွင့် ရရန်အတွက် KNU သတ္တုတွင်းဌာနထံမှ ဧက ၅၀ ရှိ လုပ်ကွက်တကွက်အတွက် တနှစ်လျှင် ထိုင်းဘတ်ငွေ နှစ်သိန်းခွဲ ပေးသွင်းရသည့်အပြင် မြန်မာအစိုးရထံ မှတ်ပုံတင်ခြင်းနှင့် လုပ်ကွက် ရရှိရန်အတွက်လည်း ငွေကြေးများစွာ ကုန်ကျကြောင်း ခနောက်စိမ်း စမ်းသပ် တူးဖော်နေသည့် ကုမ္ပဏီပိုင်ရှင်တဦးက ပြောသည်။
အင်္ဂလိပ် အစိုးရ အုပ်စိုးစဉ်ကာလက ထင်ရှားခဲ့သည့် ထိုသတ္တုမိုင်းတွင် လွတ်လပ်ရေးရပြီး နောက်ပိုင်း KNU အသိုင်းအဝိုင်းမှ အနည်း အ ကျဉ်းသာ ထုတ်လုပ်ခဲ့ပြီး ၂ဝဝ၃ -၂ဝဝ၄ ခုနှစ် နောက်ပိုင်းတွင် ကုမ္ပဏီများကို ဝင်ရောက် လုပ်ကိုင်ခွင့် ပြုခဲ့သည်။
ကျွန်းနှင့် သစ်မာများ ပေါများပြီး အရည်အသွေး ကောင်းသည့် ခနောက်စိမ်းများ ထွက်ရာ ထိုဒေသသို့ KNU က သစ်ထုတ်မှုနှင့် ခနောက် စိမ်း တူးဖော်မှုကို ယခင်က ခွင့်ပြုခဲ့သော်လည်း သစ်ထုတ်လုပ်မှုကိုမူ ၂၀၁၀ ခုနှစ် နှစ်လယ်ခန့်မှ ပိတ်ထားခဲ့ပြီး ခနောက်စိမ်း တူးဖော်မှု ကိုသာ ခွင့်ပြုထားသည်။
“အဓိကကတော့ ကျနော်တို့ လုံခြုံရေးပေါ့နော်။ အပြင်က လူတွေကိုတော့ အရမ်းမပေးဝင်ဘူးလေ၊ ကျနော်တို့ရဲ့ အမျိုးသား စီးပွားရေး အ တွက် တူးခွင့်ပေးတာ” ဟု KNU သတ္ထုတွင်းဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
သစ်ထုတ်လုပ်မှု ခွင့်မပြုတော့သည့် နောက်ပိုင်းတွင် ဒေသခံ ကရင်ပြည်သူများ တပိုင်တနိုင် ခနောက်စိမ်း တူးဖော်ရေးလုပ်ငန်းဘက်သို့ ပြောင်းလဲ လုပ်ကိုင်လာခဲ့ကြပြီး၊ ကုမ္ပဏီများ အပါအဝင် တပိုင်တနိုင် ခနောက်စိမ်း တူးဖော်သည့် အလုပ်သမား ၁,၀၀၀ ခန့် ရှိမည်ဟု ဗိုလ်ကြီးထက်နေက ခန့်မှန်းသည်။
KNU နယ်မြေအတွင်း ခဲသတ္တု တူဖော်ရေး လုပ်ငန်းကို လွန်ခဲ့သည့် ၂ဝဝ၃ -၂ဝဝ၄ ခုနှစ်တွင် နဝရတ် ကုမ္ပဏီက သပြုသတ္တုတွင်း ကုမ္မ ဏီ လီမိတက် အမည်ဖြင့် စတင်လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၀၄-၂၀၀၅ ခုနှစ်တွင် အောင်မြေ၊ မြပန်း ကုမ္ပဏီနှင့် ၂၀၀၆-၂၀၀၇ ခုနှစ်တွင် သုဇနပွင့်နှင့် အခြားကုမ္ပဏီများ ဝင်ရောက်ခဲ့သည်။
သပြုသတ္တုမိုင်းထွက် ခနောက်စိမ်းများကို တရုတ်၊ ဂျာမဏီ၊ ကိုးရီးယား၊ ဂျပန်နှင့် ထိုင်းတို့က ဝယ်ယူကြီး တရုတ်နယ်စပ် မူဆယ်လမ်းမှ တဆင့် နိုင်ငံခြားသို့ တင်ပို့သည့်ပြင် ထိုင်းနယ်စပ် ဘုရားသုံးဆူလမ်းမှလည်း တရားမဝင် တင်ပို့ကြသည်။
No comments:
Post a Comment