ဂျူရီချိုင်း
မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (MNDF)သည် မြန်မာနိုင်ငံကို ရောက်ရှိနေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားနှင့် ထပ်မံတွေ့ဆုံကာ နိုင်ငံရေး နှင့် လူ့အခွင့်ရေးကိစ္စရပ်များ ဆောင်ရွက်ပေးရန် ပြောကြားလိုကြောင်း ပါတီ ဥက္ကဌနိုင်ငွေသိမ်းက ပြောသည်။
မစ္စတာ ကင်တားနားမှ တဆင့် မြန်မာအစိုးရသို့ အဓိကတောင်းဆိုလိုသည့်အချက်များမှာ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေး ရေး၊ တိုင်းရင်းသားလက်နက်ကိုင်များအား တိုက်ခိုက်ခြင်းမှရပ်စဲရေး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရေး၊ နိုင်ငံရေး ဆွေးနွေးပွဲ ဆက်လက်လုပ်ပေးရေး၊ သုံးပွင့်ဆိုင်(ဒီမိုကရေစီအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့များနှင့် အစိုးရ) ဆွေးနွေးပွဲလုပ်ရန် တိုက်တွန်း ပေးရေးတို့ ဖြစ်သည်။
“ပြီးခဲ့တဲ့တစ်ခေါက် ကင်တားနားနဲ့ သွားတွေ့တုန်းက ဒီအချက်တွေအပေါ်မှာ ကျွန်တော်တို့တင်ပြ ထားပြီးပြီ၊ တစ်ကယ်လို့ အခုတစ်ကြိမ် တွေ့ဆုံဖို့ ထပ်မံဖိတ်ကြားခဲ့ရင် ဒီအချက်တွေကိုပဲ ထပ်ပြီးတောင်းဆိုသွားမယ်” ဟု နိုင်ငွေသိမ်းက ပြောသည်။
ယခင် မစ္စတာကင်တားနားနှင့် တွေ့ခဲ့စဉ်က အဆိုပါအချက်များကိုတင်ပြခဲ့ပြီးနောက် လက်ရှိအနေအထားရ တိုင်းရင်းသားဒေသအချို့တွင် တိုက်ပွဲများလျှော့နည်းလာခြင်း၊ နိုင်ငံရေးအကျဉ်းသားများ အနည်းငယ်ပြန်လွှတ်ပေးခြင်းများ ရှိခဲ့သည်။
လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စများဖြစ်သည့် စစ်ဘေးဒုက္ခသည်များ ရှိနေခြင်း၊ ကလေးစစ်သား စုဆောင်းမှုများ ဆက်လက်ဖြစ်ပွားနေ ဆဲဖြစ်သည့်အတွက် ထပ်ပြီးတောင်းဆိုရခြင်း ဖြစ်သည်။
မစ္စတာကင်တားနား မြန်မာနိုင်ငံကို ပြီးခဲ့သည့်၂၀၁၁ ခုနှစ် သြဂုတ်လ ၂၄ ရက်က နောက်ဆုံး လာရောက်ခဲ့စဉ်က မွန်အမျိုး သား ဒီမို က ရေ စီနှင့် တိုင်းရင်းသားပါတီ ၈ ပါတီတို့အား တွေ့ဆုံခဲ့သည်။ ယခုခရီးစဉ်မှာ ၆ရက်ကြာမြင့်မည် ဖြစ်ပြီး အကျဉ်းထောင် တချို့ဆီသို့ သွားရောက်လေ့လာကာ တိုင်းရင်းသားပါတီ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။
မစ္စတာ ကင်တားနား အနေဖြင့် (MNDF)နှင့် တွေ့ဆုံလိုကြောင်း ယခုအချိန်ထိ အကြောင်း မကြားသေးသော်လည်း မွန်အမျိုးသား ဒီမို ကရေစီအဖွဲ့ (MNDF) အနေနှင့် ထပ်မံ တွေ့ဆုံရန် မျှော်လင့်နေသည်ဟု ဆိုသည်။
မစ္စတာကင်တားနာ၏ ယခုခရီးစဉ် အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများနှင့် ပတ်သက်ပြီး လူ့အခွင့် အရေး အခြေအနေများအား အကဲခတ်ရန် လာရောက်ခြင်း ဖြစ်သည်ဟု သိရသည်။
No comments:
Post a Comment