Tuesday, April 24, 2012

မြန်မာအစိုးရတပ်က ဆင်ဘို ဆယ်အိမ်မှူးအား ဖမ်းဆီးနှိပ်စက်

KNG

ကချင်ပြည်နယ် ဆင်ဘိုမြို့မှ အပြစ်မဲ့ ကချင် ဆယ်အိမ်မှူးအား မြန်မာအစိုးရစစ်တပ် ဆင်ဘို နယ်မြေခံ ခလရ အမှတ် ၁၄၁ မှ မသင်္ကာ မှုဖြင့် ဖမ်းဆီးပြီး ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း ဆွေးမျိုးများဆိုသည်။

အောင်မင်္ဂလာရပ်ကွက်မှ အသက်(၃၇)ရှိပြီဖြစ်သော ဦးအူရားနော်လောန်အား ဧပြီ ၁၉ ရက် ညပိုင်း ၄ နာရီခွဲတွင် ရွာမှ ဆိုင်ကယ်ဖြင့် တောင်ယာသို့သွားသောလမ်းတွင် ဗိုလ်ကြီး ထွန်းအောင်ကျော် ဦး ဆောင်သော စစ်သား များမှ “ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) နှင့် အဆက် သွယ်ရှိသည်” ဟု စွပ်စွဲပြီး ရိုက်နက် နှိပ်စက် ခဲ့သည်ဟု အမည် မဖော် လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

“သူ့ကိုရပ်ခိုင်းပြီး စစ်တယ်တဲ့။ တရုတ်ဖုန်းတွေ့တော့ KIA နဲ့ ဆက်သွယ်ပေးသူဖြစ်တယ်။ ပြောပါ KIA အဖွဲ့တို့ ဘယ်မှာရှိသလဲဆိုပြီး မေး တယ်။ သူက မသိဘူး။ ကျနော်က နင်တို့ရဲ့ အမှုထမ်း ဆယ်အိမ်မှူး ပဲ၊ နင်တို့ရဲ့လူပဲ၊ KIA နဲ့ ဘာမှမပတ်သက်ဘူးလို့ပြောတော့။ ဘာမှပြန် မပြောဘဲနဲ့ ဆံပင်တွေဆွဲ ကျောကုန်းမှာ သေနတ်နဲ့ ထုနက် ရိုက်နက်တယ်တဲ့။ အဲဒါကြောင့် သူက(နော်လောန်) အခု နှာခေါင်း လည်း ကျိုး တယ်။ ပါးရိုးလည်း ကျိုးတယ်။ ကျောကုန်းမှာလည်း သေနတ်နဲ့ထုထားတဲ့ ဒဏ်ရာတစ်ခုရှိတယ်။ ဂုတ်မှာ လည်း သေနတ်နဲ့ ထုသလား။ သူတို့ ဘယ်လိုလုပ်လဲမသိဘူး။ တစ်ခါထဲ သတိ လစ်သွား တယ် တဲ့။” ဟု ၎င်းက ပြောသည်။

ထိုသို့ သတိလစ်သွားပြီးနောက် ၎င်း တပ်သားများမှ သုံးဘီးဆိုင်ကယ်ဖြင့် ဆင်ဘိုရဲစခန်းသို့ လာပို့ရာတွင် ရဲစခန်းမှ ဒဏ်ရာ ပြင်းထန် သဖြင့် လက်မခံ သောကြောင့် ထိုနေ ရာတွင် တစ်ည အိပ်ပြီး နောက်မ နက် လွတ်ပေး ခဲ့ကြောင်း သူက ဆက်ပြော သည်။

“နောက်မနက်တော့ လွတ်ပေးလိုက်တယ်။ ဒါလည်း သူတို့လက်ထဲမှာ သေသွားမှာကြောက်လို့ပဲ။”

ဦးနော်လောန်သည် ယခုချိန် အိမ်မှာ ဒဏ်ရာနှင့် လှုပ်မရ၊ ထမရဖြစ်ပြီး အခြေအနေဆိုးသဖြင့် ဇနီးသည်မှာလည်း ငိုယိုပြီးသာနေကြောင်း ၎င်းကပြောသည်။

ဦးနော်လောန် အား မြစ်ကြီးနားဆေးရုံကြီးသို့ ဆေးကုသခွင့် မပေး

မြန်မာစစ်တပ်၏ ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသော ဦးနော်လောန်အား ဧပြီ ၂၃၊ ယနေ့ တနင်္လာထိ မြစ်ကြီးနားဆေးရုံကြီးသို့ ဆေးဝါးကုသခွင့် မပေးသေးကြောင်း ဆွေ မျိုး များပြောပါသည်။

ဦးနော်လောန် ဒဏ်ရာရရှိခဲ့သည်မှာ ဧပြီ ၁၉ ရက်နေ့မှ ယနေ့ထိ ၅ ရက်ရှိပြီဖြစ်သော်လည်း ဗိုလ်ကြီး ထွန်းအောင်ကျော် တပ်ဖွဲ့နှင့် ဆင်ဘို အစိုးရအာဏာပိုင်များက “အကယ်၍ လူနာအား မြစ်ကြီးနားသို့ ဆေးဝါး ကုသခွင့်ပေးပါက အမှုပေါ်လာမည်ဖြစ်သောကြောင့် မသွားရန် ခြိမ်းခြောက်ထားပြီး၊ မလိုက်နာလျင် လူနာအား တရားစွဲမည်ဟု လာရောက်ခြိမ်းခြောက်ထားသောကြောင့်” မသွားရဲပဲနေသည်ဟု ဆွေမျိုး များ ထပ်ဆိုသည်။

“ဒီ(ဆင်ဘို)က ဆေးရုံမှာသွားတော့ လက်မခံဘူး။ ဒဏ်ရာက ပြင်းထန်လို့တဲ့။ မြစ်ကြီးနားဆေးရုံကို အမြန်သွားပါလို့ပြောတယ်။ ဒါကြောင့် အဲဒီကိုသွားဖို့လုပ်တော့ သူတို့ခွင့်မပေးဘူး။ နင်တို့အဲဒီကိုသွားရင် အမှုပေါ်လာမယ်။ အမှုပေါ်လာရင် နင့်ကိုတော့ ကျနော်တို့စစ်ဌာနချုပ် ကိုပို့ လိုက်မယ်။ တရားဆွဲမယ်။ တစ်ခါတည်းဖမ်းလိုက်မယ်။ မသွားရင်တော့ ဖမ်းလည်းမဖမ်းဘူး။ တရားလည်းမဆွဲဘူး ဆိုပြီး ပြော တယ်။ အဲလို လာခြိမ်းခြောက်ပြီး မသွားခိုင်းတော့ သူ(လူနာ)က ဒီမနက်လည်း အန်တယ်။ ချောင်းဆိုးလိုက်တာနဲ့ သွေးတွေ ထွက်လာ တာနဲ့ ဖြစ်နေ တယ်။” ဟု အမည် မဖော် လိုသူ ဆွေမျိုးတစ်ဦးက ပြော သည်။

ဗိုလ်ကြီး ထွန်းအောင်ကျော်မှာ လူနာအား လျော်ကြေးအဖြစ် ကျပ်ငွေ ၉ သောင်း ပေးသော်လည်း မိသားစုမှ လျော်ကြေးမလိုပဲ ဆေးကု သခွင့်သာ လိုသည်ဟု ငြင်းဆန် နေကြောင်း ၎င်းက ပြောသည်။

“သူတို့(ထွန်းအောင်ကျော်)တပ်က ဗိုလ်ကြီးကတော့ လာကုပေးမယ်လို့ပြောတယ်တဲ့။ ခုထိ ဘာမှ မစီစဉ်ပေးဘူး။ သူ (ထွန်းအောင်ကျော်) က ၉ သောင်းလည်း လာပေးထားတယ်။ ဒါပေမဲ့ သူတို့(မိသားစု)က လက်မခံဘူး။ သူတို့က(မိသားစု) ကျမတို့က ဆေးသွားကုချင်တယ်။ နင်တို့ဆီက လျော်ကြေးလိုချင်တာ မဟုတ်ဘူး။ ကျမတို့ကို တရားစွဲချင်လည်းစွဲပါ။ ကျမတို့တရားဆွဲမယ်ဆိုရင်လည်း စွဲခံမယ်။ ဒါပေမဲ့ လူနာကိုတော့ ဆေးကုသချင်တယ်လို့ပြောတာ။ အဲဒီခွင့်ကိုမပေးလို့ ဒုက္ခရောက်နေတာလေ အခုက။” ဟု ပြောသည်။

No comments: