Monday, April 23, 2012

ဘုရား ဂေါပက အတွင်း ရေးမှူး ဂက်စ် ပိုက်လိုင်းလျော် ကြေးငွေ အလွဲ သုံးစားလုပ်

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၏ ဖခင်ဖြစ်သူ ဘုရားဂေါပက အတွင်း ရေးမှူး ဦးစိန်ဝင်းသည် တရုတ် - မြန်မာ ရေနံနှင့်ဂက်စ်ပိုက်လိုင်း လျော်ကြေးငွေ ၂၉ သိန်းကို တာဝန်ခံ ထုတ်ယူခဲ့ပြီး ဂေါ ပကအဖွဲ့သို့ ယနေ့အထိ အပ်နှံခြင်း မရှိကြောင်း သိရသည် ။

မိုင်းဝီးရွာ ဥတ္တရရာမ ဘုန်းကြီးကျောင်းနှင့် ကမ္မဋ္ဌာန်းကျောင်း အကြား မြေဧရိယာအတွင်း ဂက်စ်ပိုက်လိုင်းဖြတ်သန်းသည့် အတွက် လျော်ကြေးငွေ အဖြစ် မတ်လ ၂၂ ရက်နေ့က အာဏာပိုင်များက ကျပ်ငွေ ၂၉ သိန်း ထုတ်ပေးခဲ့ကြောင်း ဂေါပကအဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည် ။

"စွမ်းအင်ဦးစီးမှူး ဦးမျိုးညွန့်အောင်တို့ အဖွဲ့က လျော်ကြေးငွေ ပေးတာ ဂေါပက အတွင်းရေးမှူး ဦးစိန်ဝင်းက တာဝန်ခံ ထုတ်ယူတယ်။ သားဖြစ်သူ အုပ်ချုပ်ရေးမှူးရဲ့ အရှိန်အဝါ သုံးပြီး အဲဒီငွေတွေကို အလွဲ သုံးစား လုပ်နေတယ်လို့ ယူဆတယ်။ ဘာလို့လဲဆိုတော့ အဲဒီငွေတွေကို ဒီကနေ့အထိ ဘုရား ဂေါပက အဖွဲ့တွေကို မအပ်နှံသေးဘူး။ အဲဒီငွေတွေနဲ့ပတ်သက်ပြီးတော့လဲ ဘာမှ မရှင်းပြဘူး " ဟု သူက ဆို သည် ။

ဘုရားဂေါပက အဖွဲ့ဝင်များမှ အဆိုပါငွေကိစ္စ ဦးစိန်ဝင်းအား ပြောကြားရာတွင်လည်း မသိကျိုးကျွံပြုနေသဖြင့် ရွာသူရွာသား များနှင့် ဂေါပက အဖွဲ့ဝင်များက မကျေမနပ်ဖြစ်နေကြောင်း သိရသည် ။

No comments: