Monday, April 23, 2012

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်မှ ကြိုဆိုနေဟု သမ္မတ ပြော

မျိုးသန့် | တနင်္လာနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၂

ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်တော်မှ ကြိုဆိုကြောင်း ဂျပန် နိုင်ငံတွင် ရောက်ရှိ နေသည့် သမ္မတ ဦးသိန်းစိန်က တနင်္လာနေ့တွင် ပြော ကြား လိုက်သည်။

တိုကျိုမြို့ နယူးအိုတာနီဟိုတယ်တွင် ဂျပန်မီဒီယာများနှင့် တွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် ဝင်ရောက်ရေး အခက် အခဲများနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဦးသိန်းစိန်က ဖြေကြား လိုက်ခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲကို ဝင်မလာတာ သူ့ရဲ့ သဘောဆန္ဒပဲ ဖြစ်ပါတယ်။ လွှတ်တော်ကြီးကတော့ သူ့ကို ကြိုဆို နေပါ တယ်” ဟု မဇ္ဈိမက ရရှိထားသည့် အသံဖိုင်တွင် ပါရှိသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ လိုလားချက်တခုဖြစ်သော လွှတ်တော်အမတ်များ ကျမ်းသစ္စာကျိန်ဆိုရာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက် ပါမည် အစား၊ လေးစား လိုက်နာ မည်ဟု ရွတ်ဆို လိုကြောင်း သမ္မတမှ တဆင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးသို့ တင်ပြ ထားသည်။

NLD ၏ တင်ပြမှုနှင့် ပတ်သက်၍ သမ္မတမှ အဆိုပါ စကားရပ်ကို ပြောင်းလဲရန် အစီအစဉ် မရှိကြောင်းဂျပန်သတင်းဌာနတခု၏ အင်တာ နက် စာမျက်နှာတွင် ဖေါ်ပြထားသော်လည်း သမ္မတမှ ထိုသို့ ပြော ကြားသွားခြင်း မရှိဟု နယူးအိုတာနီဟိုတယ်တွင် ပြုလုပ်သော သ တင်းစာရှင်းလင်းပွဲတွင်သို့ တက်ရောက်ခဲ့သည့် ရန်ကုန်မီဒီယာဂရု(ပ်) လီမိတက်ဥက္ကဋ္ဌ ဦးကိုကိုက မဇ္ဈိမကို ပြောသည်။

NLD က လိုလားနေသည့် ကျမ်းကျိန်မှု စကားလုံးအသုံးအနှုန်း ပြောင်းလဲရေးနှင့် ပတ်သက်၍ သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် လုပ်ပေး၍ ရနိုင် သည်ဟုလည်း အထက်တန်း ရှေ့နေကြီး ဦးအောင်သိန်းက သုံးသပ် သည်။

“ဒီဥစ္စာက ဥပဒေပြင်တဲ့ကိစ္စ မဟုတ်သေးဘူး၊ လေးစားလိုက်နာပါမယ်ဆိုတဲ့ စကားလုံးကို အစားထိုးပြင်တာဟာ အခြေခံဥပဒေပါ ပုဒ်မ တခုချင်းကို ပြင်တဲ့အဆင့် မဟုတ်သေးဘူး။ အဲဒါဟာ သမ္မတက ညှိ နှိုင်းပေးရင် ပြင်လို့ ရနိုင်တယ်လို့ ကျနော့်ဘက်က အဲဒီလိုမြင်တယ်” ဟု မဇ္ဈိမကို ပြောသည်။

NLD သည် ရွေးကောက်ပွဲဝင်ရသည့် အကြောင်းရင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးကို ကြိုးပမ်းသွားမည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။ သို့သော် ပါတီ၏ လွှတ်တော် အမတ်များ လွှတ်တော်တွင်း ဝင်ရောက် ပါက အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်ဟု ကတိသစ္စာ ပြုရမည် ဖြစ်ခြင်းကြောင့် ဖွဲ့စည်းပုံပြင်ရေး ခက်ခဲနိုင် သည် ဟုလည်း ဦးအောင်သိန်းက သုံးသပ်သည်။

“ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ သဘောအရ ပြင်ဖို့ဆိုတဲ့ စကားလုံး ပြောရခက်မယ်ဗျာ။ လေးစား လိုက်နာ ဆိုတဲ့ဟာမျိုး က ကျနော်တို့ ပြင်နိုင်တယ်။ သူတို့ (အစိုးရ) က အဲဒီ စကားလုံးကြီးနဲ့ ချီလာရင် ကျနော်တို့ကပြင်ဖို့ တင်ဖို့တောင် မလွယ်ဘူး ဖြစ်မယ်။ NLD ကို လွှတ်တော်ထဲ ဝင်စေချင်တယ်ဆိုရင်တော့ သူတို့ တနည်းတဖုံ စဉ်းစားပေးသင့်တယ်လို့ ထင်တယ်” ဟု မဇ္ဈိမကို ပြောသည်။

အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်တွင်း ဝင်ရောက်ပါက လွှတ်တော်ဥပဒေနှင့် နည်းဥပဒေများတွင် ပါရှိသည့် "လွှတ်တော် ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်း အပိုဒ် တွင် "ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၄ တွင် ဖေါ်ပြထားသည့် အတိုင်း ကတိသစ္စာပြုပြီး လက်မှတ်ရေးထိုးရမည်ဟု ပြဋ္ဌာန်းထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၄ တွင် ဖေါ်ပြထားသည်မှာ "ကျွန်ုပ်သည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ် ခံရပြီးဖြစ်သဖြင့် နိုင် ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင်ရှောက် ပြီး နိုင်ငံတော်၏ ဥပဒေများ ကိုလည်း လိုက်နာပါမည်။ ပြည် ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပါ မည်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။ ထို့အပြင် ကျွန်ုပ်ထမ်းဆောင်မည်ဖြစ်သော တာဝန် ဝတ္တရားများ ကို ဖြောင့်မှတ်မှန်ကန်စွာ ဆောင်ရွက်မည်ဟု လေးနက် တည်ကြည်စွာ ကတိ သစ္စာပြုပါသည်။" ဟု ပြဋ္ဌာန်းထားသည်။

ထို ဇယား ၄ ပါ "ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထိန်းသိမ်းကာကွယ် စောင်ရှောက်" အစား "လေးစားလိုက်နာ" ဟု NLD မှ ပြင်ဆင် လိုနေ ခြင်းဖြစ် သည်။ NLD ၏ အဆိုပါ ညှိနှိုင်းမှုတောင်းဆိုမှု မရရှိသေး မရှိ သေးသည့်အတွက် တနင်္လာနေ့ တွင် ပြုလုပ်သည့် လွှတ်တော် အစည်း အဝေး များသို့ NLD အမတ်များ တက်ရောက်ခြင်း မရှိ သေးပေ။

No comments: