နန်းသီရိလွင်
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာမြို့အထိ ပထမဆုံး အကြိမ် လမ်းလျှောက်ချီတက်မှုကို ယနေ့နံနက် ပိုင်းတွင် စ တင် ကြောင်း သတင်းရရှိသည်။
“ကျနော်တို့ အဖွဲ့ အခု ထောက်ကြံ့နား(ရန်ကုန်မြို့မှအထွက်)ကို ရောက်နေပါပြီ။ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက်ကျနော်တို့ရဲ့လမ်း လျှောက် လှုပ်ရှားမှုဟာ တစုံတခုသော အကျိုးသက်ရောက်မှု ရှိမယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးဆောင်သူ တဦးဖြစ်သည့် ကိုရန်နိုင်ထွန်း က ဧရာဝတီကို ပြောပြသည်။
ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများတွင် အရပ်ဘက် လူမှု အဖွဲ့အစည်းများ၊ ရခိုင်လူငယ်အဖွဲ့၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် များ၊ နိုင်ငံရေး လှုပ်ရှားသူများ စသည့် လူအင်အား ၅၀ ခန့် ပါဝင်ကြောင်း သိရသည်။
လမ်းလျှောက် ချီတက်မှုကို တရက်လျှင် ၁၄ နာရီ ပြုလုပ်မည်ဖြစ်ပြီး မိုင် ၈၀၀ ကျော်ကွာဝေးသည့် လိုင်ဇာမြို့သို့ အရောက် ၄၅ ရက်ကြာ မြင့် မည်ဟု ခန့်မှန်းကြောင်း ဦးဆောင်လှုပ်ရှားသူ တဦးက ပြောသည်။
“အရပ်ဘက် လူ့အဖွဲ့အစည်းတွေက မြို့နယ်အလိုက်ပေါ့ဗျာ၊ ရေက အစ တာဝန်ယူပြီးတော့၊ ကျန်း မာရေးက အစ လုပ်ပေးထားတာ တွေ ရှိပါ တယ်။ အခု ပါဝင်တဲ့သူတွေ အားလုံးက ကိုယ့်စရိတ်နဲ့ကိုယ် လာကြတဲ့သူတွေချည်းပါပဲ။ သူတို့ရဲ့ စားရေး သောက်ရေး အတွက်ကတော့ ဒီ လမ်းတောက်လျှောက်မှာ ရှိတဲ့ ပြည်သူလူထု ကိုပဲ ကျနော်တို့ အားကိုးတယ်ခင်ဗျ”ဟု ၎င်းက ပြောဆိုသည်။
ယခုကဲ့သို့ ခရီးရှည် လမ်းလျှောက်ချီတက်မှုအတွက် သက်ဆိုင်ရာသို့ အကြောင်းကြားခြင်း၊ခွင့်ပြုချက်တောင်းယူခြင်းတစုံတရာမရှိခဲ့ ကြောင်း၊ လတ်တလော ခရီးစဉ် တလျှောက် သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များမှ တားမြစ်မှုများရှိကြောင်းလည်း ၎င်းက ဆိုသည်။
ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် မုံရွာ၊ တောင်ငူ အစရှိသည့် မြို့ကြီးများတွင်လည်း ဆန္ဒထုတ်ဖော်မှုများ၊ ငြိမ်းချမ်းရေး ဆုတောင်း မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင် ရေး လုပ်ငန်းကော်မတီတို့ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး ၂ လအကြာ ၂၀၁၂ ဒီဇင်ဘာလတွင် တိုက်ပွဲများ ပိုမို ပြင်းထန် လာခဲ့သည်။ လဂျားယန် ဒေသရှိ ပွိုင့် ၇၇၁ စခန်းကို အစိုးရစစ်တပ်က လေကြောင်း ပစ်ကူ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေးအရှိန် ဆက်လက်မြင့် တက် နေခဲ့သည်။
ပြီးခဲ့သည့် ဇန်န၀ါရီ ၁၄ ရက်တွင် အစိုးရတပ်များက လိုင်ဇာမြို့ လူနေ ရပ်ကွက်များထဲသို့ လက် နက်ကြီးဖြင့် မနက်ပိုင်းနှင့် ညပိုင်း နှစ်ကြိမ် ပစ်ခတ်ခဲ့သဖြင့် အရပ်သား ၃ ဦး သေဆုံးပြီး စုစုပေါင်း ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိမှု ဖြစ် ပွားခဲ့သည်။
၂၀၁၁ ခုနှစ် ဇွန်လမှ စတင်ဖြစ်ပွားခဲ့သော ကချင်ပြည် လပ်လပ်ရေး တပ်မတော်(KIA)နှင့် အစိုးရ စစ်တပ်တို့၏ တိုက်ပွဲများကြောင့် က ချင် ပြည်သူ ၉၀၀၀၀ နီးပါး စစ်ပြေး ဒုက္ခသည်များအဖြစ် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြရကြောင်း သိရသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကချင်ပြည်နယ်ရှိ ထိုးစစ်များ ရပ်တန့်ရန် ညွန်ကြားထားသည်ဟု ဆိုသော်လည်း ဒီဇင်ဘာလ ၂၅ ရက် နေ့မှ အစပြု၍ မြန်မာအစိုးရ တပ်မတော်သည် စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့သည်။
ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့က ဇန်န၀ါရီလ ၁၉ ရက် မနက် ၀၆၀၀ မှ စတင်၍ KIO ၏ ဌာနချုပ် တည် ရှိရာ လိုင်ဇာအနီးရှိ လဂျားယန်ဒေသအား ထိုးစစ်ဆင်နေခြင်းကို ရပ်ဆိုင်းလိုက်သည်ဟု သတင်း ထုတ်ပြန်ခဲ့သော်လည်း တိုက်ပွဲများ ဆက် လက် ဆင်နွဲနေကြောင်း KIO က ပြောဆိုသည်။

No comments:
Post a Comment