Saturday, January 19, 2013

မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီတွင် မွန်ပြည်နယ် အစိုးရ ပါဝင်တော့မည် မ ဟုတ်

ကောင်းဝါ

မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီတွင် မွန်ပြည်နယ် အစိုးရအနေနှင့် ပါဝင်တော့မည် မဟုတ်ကြောင်း ယမန်နေ့က ကျင်းပရေး ကော်မ တီကို ခေါ်ယူတွေ့ဆုံကာ ပြောကြားခဲ့သည်။

မွန်ပြည်နယ် စီးပွားရေးနှင့် စီမံကိန်း ဝန်ကြီး ဒေါက်တာမင်းနွယ်စိုး က ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ နိုင်တင်အောင်နှင့် ကော်မတီဝင်အချို့ကို ပြည်နယ် အစိုးရရုံးသို့ ခေါ်ယူတွေ့ဆုံကာ ဇန်နဝါရီလ ၇ ရက်နေ့က ၎င်းတို့ တင်ပြခဲ့သည့် အစီအစဉ်ကို ပြန်လည်ရုပ်သိမ်းလိုက်ခြင်း ဖြစ် သည်။

မွန်ပြည်နယ် အစိုးရ၏ ဇန်နဝါရီလ ၇ ရက်နေ့ အဆိုပြုချက်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးကျင် ဖေတို့ကို နာယကများအနေဖြင့်၊ ပြည်နယ် ဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာမင်းနွယ်စိုးနှင့် ဒေါက်တာခင်မောင်သွင်တို့ကို ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌများ အနေဖြင့် ကျင်းပရေး ကော်မတီတွင် ထည့်သွင်းရန် ပါရှိသည်။

ကျင်းပရေး ကော်မတီ ဆက်ဆံရေး တာဝန်ခံ ဒေါက်တာမင်းစိုးလင်းက “အကျဉ်းချုပ် ပြောရမယ် ဆိုရင် သူတို့ လျှော့လိုက်တယ်ပေါ့နော်။ ဝန် ကြီးက သူတို့ရဲ့ မှတ်ချက် ဖတ်ပြတယ်။ သူ့မှတ်ချက်က ပေါင် (မြို့) မှာ လုပ်မယ့် အခမ်းအ နားကို မသွားဘူး။ အဆင်ပြေရင် မော်လမြိုင်မှာ လုပ်မယ့် အခမ်းအနားကို သွားမယ်။ ဒါပေမဲ့ သဝဏ်လွှာကို (မွန်အမျိုးသားနေ့ ကျင်းပ တဲ့) မြို့နယ်တိုင်းကို ပို့မယ်လို့ ပြောတယ်။ သွားလို့ရှိ ရင် ဝန်ကြီးအဆောင်အယောင်တွေ သင့်တော်သလို စီစဉ်ပေးဖို့ ပြောတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) ကို မွန်ပြည်နယ်၊ ပေါင်မြို့တွင် ကျင်းပမည် ဖြစ်ပြီး မွန်ပြည်နယ်နှင့် အခြားမွန်ဒေသရှိ မြို့နယ်များတွင်လည်း မိမိတို့ မြို့နယ်၊ ကျေးရွာအလိုက် ကျင်းပကြမည် ဖြစ်သည်။

မော်လမြိုင်မြို့နယ် မွန်အမျိုးသားနေ့ အခမ်းအနားကို မွန်ပြည်နယ်ခန်းမတွင် ကျင်းပလိုပါက ခွင့်ပြု မည် ဖြစ်ကြောင်း ဒေါက်တာမင်းနွယ်စိုး က ပြောကြားခဲ့သည်။ သို့သော်လည်း မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီ အနေနှင့် မော်လ မြိုင်မြို့ရှိ Sunshine Villa ဟိုတယ်တွင်ကျင်း ပရန် စီစဉ်ထားပြီး ဖြစ်သည့်အတွက် ပြည်နယ်ခန်းမတွင် ကျင်းပ ရန် အစီအစဉ် မရှိဟု ဆို သည်။

မွန်အမျိုးသားနေ့ ကျင်းပခဲ့ရာ သက်တမ်းတလျှောက်တွင် ခေတ်အဆက်ဆက် အစိုးရများက အားပေးကူညီမှု မရှိခဲ့သည့်ပြင် ကျင်းပသူများကို ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းများ ရှိခဲ့သည့်အတွက် အချို့မှာ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်သို့ ကူးပြောင်းသွားခဲ့ကြသည်များလည်း ရှိခဲ့သည်။


ပထမ ဟံသာဝတီ မင်းနေပြည်တော် စတင်တည်ထောင်ခဲ့သည့် သာသနာ သက္ကရာဇ် ၁၁၁၆ ခုနှစ် (အေဒီ ၅၇၃) တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့ကို အစွဲပြုကာ မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပြီး လွတ်လပ်ရေး ရစ ၁၉၄၈ ခုနှစ်တွင်ပင် စတင်ကျင်းပခဲ့ကြသည်။

No comments: