Friday, April 5, 2013

လူပျောက်တိုင်ထားသော ကိုရဲမင်းဦးအား အနောက်ပိုင်းခရိုင်တွင် ရုံးထုတ်

ခိုင်ခိုင်၊ သိန်းလှိုင်

လွန်ခဲ့သည့် မတ်လ ၂၅ ရက်နေ့မှစ၍ ဖမ်းဆီးသွားခဲ့သော ကျောင်းသားသမဂ္ဂများ အဖွဲ့ချူပ် (ဖြစ်မြောက်ရေး ကော်မတီ) မှ ကိုရဲမင်းဦးအား အနောက်ပိုင်းခရိုင် တရားရုံးတွင် ယနေ့ ရုံးထုတ်ခဲ့ခြင်းအပေါ် လျင်မြန်လွန်းသဖြင့် အမှုကို တာဝန်ယူထားသူ ရှေ့နေပင် မသိလိုက်ကြောင်း ပြောသည်။

ကိုရဲမင်းအောင်က “ဒီနေ့ရုံးထုတ်တာလား။ လူခေါ်ထုတ်ပြတာလား ဆိုတာတော့ မသိဘူး။ မတရားဘူးလို့ ကျွန်တော် မြင်ပါတယ်” ဟုမဇ္ဈိမကို ပြောသည်။

ကိုရဲမင်းဦးကို ဖမ်းမည်ဆိုပါက ဖမ်းဝရမ်းနှင့် ဖမ်းစေချင်ကြောင်း မပွင့်မလင်း ဖမ်းဆီးခြင်းက သဘာဝမကျကြောင်း ကိုရဲမင်းအောင်က ဆိုသည်။

ရခိုင်လူငယ်များ ကွန်ယက် (AYO) မှ ကိုမောင်လေးက “လက်ထိပ်ကြီးတန်းလန်းနဲ့ ကိုရဲမင်းဦးကို နေ့လည် ၁၂ နာရီလောက်မှာတရားရုံးကို ကားနဲ့ခေါ်လာတယ်။ ပုံမှန်အချုပ်ကားနဲ့တော့မဟုတ်၊ သီးသန့်ကားနဲ့ခေါ်လာတာ။ ကားပေါ်က ဆင်းတာနဲ့ ရုံးခန်းကိုတန်းဝင်တယ်။ သူ့ရှေ့နေတွေနဲ့တောင် တွေ့ခွင့်မရပြန်အထွက်မှာ မီဒီယာတွေနဲ့ မတွေ့ရအောင် ကားပေါ်သို့ အတင်း ဒရောသောပါး တင်ဖို့လုပ်တယ်။နောက်ဆုံး မီဒီယာသမားတွေနဲ့ မိနစ် ၂၀ လောက်တွေ့ခွင့်ရခဲ့တယ်” ဟု ရှင်းပြသည်။

ယနေ့ နံနက် က အနောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်သော ကိုရဲမင်းဦးအား လာရောက်တွေ့ဆုံသူများ၊ မီဒီယာများနှင့် စကားပြောဆိုခွင့် မပေးသောကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ နှင့်လာရောက်သူများ အနည်းငယ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။

မီဒီယာသမားများနှင့်တွေ့စဉ် ကိုရဲမင်းဦးက ၎င်းမှာမတရားဖမ်းဆီးချုပ်နှောင်ခံနေရကြောင်း၊ စတင်ဖမ်းဆီးခဲ့ စဉ်ကလည်းဥပဒေနှင့်မညီ ၂၄နာရီကျော်လွန်၍ ရမန်မယူဘဲ ဖမ်းဆီး ထိန်းသိမ်း ထားခဲ့ကြောင်း၊ လက်ရှိ အစိုးရသည် မိတ္ထီလာကိစ္စတွင် တရားခံရှာမရ၍ ၎င်းအား အဓမ္မအမှုဆင် ဖမ်းဆီးထားခြင်းဖြစ်ကြောင်းပြောဆိုခဲ့သည်။

ကျောင်းသားသမဂ္ဂများ အဖွဲ့ချူပ် (ဖြစ်မြောက်ရေး ကော်မတီ) မှ ဒုဥက္ကဌ ကိုရဲမြတ်ဟိန်းက ယခုအချိန်တွင် ကိုရဲမင်းဦးမှာ စွပ်စွဲခံရသူသာ ဖြစ်ပြီး တရားခံ မဟုတ်သည့် အတွက် ဧည့်တွေ့ခွင့်ပေးရန်လိုကြောင်း
ပြောသည်။

ကိုရဲမြတ်ဟိန်း “ ဘယ်သူနဲ့မှ တွေ့ခွင့်မပေးပဲနဲ့ တိတ်တိတ် ဆိတ်ဆိတ် ပဲလာတယ်။ တိတ်တိတ်ပဲပြန်ခေါ်သွားချင်တဲ့ ဆန္ဒက အရင်အစိုးရ လက်ထက်ကလိုပဲ လုပ်တယ်။ ဒါကို အလိုမရှိလို့ ကျွန်တော်တို့ တားပြီး စကားပြောတယ်။ ဒါကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်တာပါ” ဟုဆိုသည်။

တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ယနေ့ရုံးထုတ်ခြင်းသည် ရမန်ယူခြင်းသာ ဖြစ်သည့်အတွက်ရှေ့နေမပါသော်လည်း ရသည်ဟု မဇ္ဈိမကို ပြောသည်။

ကိုရဲမင်းဦးအား ပြစ်မှုဆိုင်ရာ နိုင်ငံတော်တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူထားပြီး၊ လာမည့် ဧပြီ ၂၃ ရက်နေ့တွင် ဒုတိယ အကြိမ်ရုံးထုတ်မည်ဟု ၎င်း၏ရှေ့နေ ဦးအောင်သိန်း၏ ပြောဆိုချက်အရ သိရသည်။

No comments: