ABC
တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်ကိုယ်စားလှယ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ မနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြသလို ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ် ရုံးမှာ စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့ (UNA) မှ ခေါင်းဆောင်တွေနဲ့လည်း တွေဆုံခဲ့ပါတယ်။
ပြည်ပက တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပထမဆုံး တွေ့ဆုံမှုအတွင်း UNFC အထွေထွေ အတွင်းရေးမှူး ဦးနိုင်ဟံသာက တိုင်းရင်းသားတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားအရေးမှာ ဝိုင်းဝန်းကူညီသူအဖြစ် မြင်ပြီး ကြိုဆိုဖိတ်ခေါ်မှုလုပ်ကြောင်းနဲ့ နိုင်ငံသားတိုင်း သမ္မတဖြစ်ခွင့်ရှိဖို့အတွက် အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲလိုက်တာဟာ အကောင်းဆုံးနဲ့ အမြန်ဆုံးနည်းလမ်းဖြစ်ကြောင်း ပြောပါတယ်။
အဲဒါ့အပြင် လွှတ်တော်ပြင်ပက လူတွေအနေနဲ့ လွှတ်တော်ထဲ ဝင်တိုးလို့မရတဲ့အတွက် လွှတ်တော်တွင်းရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ပေါက်လာဖို့ ဆွေးနွေးမှုလုပ်တာလို့လည်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း အားလုံးလိုလားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီပေါ်ပေါက်ဖို့ဆိုရင် အခု လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေပုံစံနဲ့ သွားလို့မရဘူးဆိုတာကို သဘောတူတဲ့အကြောင်း အားလုံး လက်တွဲလုပ်မှသာ ဒီမိုကရေစီပြည်ထောင်စုကြီး ဖြစ်လာနိုင်မှာဖြစ်ပြီး တိုင်းရင်းသား တွေရဲ့လိုအပ်ချက်ကို အမြဲတန်းဖြည့်ဆည်းပေးမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
UNFC အဖွဲ့ဟာ တစ်ရက်တည်းမှာပဲ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်ရုံးမှာ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA) အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပူးတွဲ အကောင်အထည် ဖော်သွားဖို့ သဘောတူညီကြောင်း သတင်းထုတ်ပြန်ထားတယ်လို့ မြစ်မခသတင်းအရ သိရပါတယ်။
No comments:
Post a Comment