ABC
မြန်မာနိုင်ငံမှာ ကျင်းပပြီး ဘင်္ဂလားပင်လယ်အော် ဒေသတွင်းနိုင်ငံတွေအပြင် နီပေါနဲ့ ဘူတန်နိုင်ငံတို့ ပါဝင်တက်ရောက်တဲ့ BIMSTEC ညီလာခံမှာ သဘောတူညီချက် ၃ ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီ သဘော တူညီချက် သုံးခုကတော့ ဒေသတွင်း လူမှုရေး၊ စီးပွားရေးတွေ မြင့်တင်ဖို့ အတွင်းရေးချုပ်ရုံး ထားရှိဖို့၊ ဒေသတွင်း ရာသီဥတုနဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ စင်တာကို ထားရှိဖို့နဲ့ ရိုးရာယဉ်ကျေးမှု မြှင့်တင်ရေး ကော်မရှင် ထားရှိဖို့ သဘောတူကြတာ ဖြစ်ပါတယ်။
BIMSTEC အဖွဲ့ဝင် နိုင်ငံတွေ ကတော့ မြန်မာ၊ အိန္ဒိယ၊ ထိုင်း၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်နဲ့ နီပေါနိုင်ငံတို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကျင်းပတဲ့ တတိယ အကြိမ်မြောက် BIMSTEC ညီလာခံကို ထိုင်းနိုင်ငံ ကိုယ်စားလှယ် ကလွဲပြီး ကျန်အဖွဲ့ဝင် ကိုယ်စားလှယ်တွေ အားလုံး တက်ရောက်ခဲ့ကြပါတယ်။
အဲဒီညီလာခံအတွင်း လုံခြုံရေး၊ ဆင်းရဲမွဲတေမှု လျော့ချရေး၊ ကူးသန်း ဆက်သွယ်ရေး အစရှိတဲ့ ကဏ္ဍကြီးတွေကို ဆွေးနွေးခဲ့ကြပါတယ်။
BIMSTEC အဖွဲ့ဝင်နိုင်ငံ ၇ နိုင်ငံရဲ့ စုစုပေါင်းလူဦးရေဟာ ၁.၅ ဘီလီယံရှိပြီး ကမ္ဘာ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းရှိကြောင်းလည်း သိရပါတယ်။

No comments:
Post a Comment