နန်းမြင့်
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မြန်မာဂုဏ်ရောင်ရပ်ကွက်တွင် မူလနေထိုင်သူဟု ဆိုသူများက ၄င်းတို့ မြေအတွက် နစ်နာကြေး ရရှိရန် သပိတ်စခန်း ဖွင့်လှစ်ထားရာ တစ်လကျော်အထိ ထူးခြားမှုမရှိသေးဟု ဆန္ဒပြသူ ဦးတင်အုန်းက မတ်လ ၄ရက်တွင် မဇ္ဈိမကို ပြောသည်။
မြန်မာ့ဂုဏ်ရောင်အိမ်ရာရှေ့တွင် နစ်နာကြေးရရှိရန်အတွက် သပိတ်စခန်းကို ဇန်န၀ါရီ ၃၀ရက်က စတင်ဖွင့်လှစ် ခဲ့ရာ မတ်လ ၄ ရက်အထိ ထူးခြားမှုမရှိသေးပဲ အစိုးရအဖွဲ့ လာရောက်ညှိနှိုင်းပေးခြင်းများလည်း မရှိဟု ဆိုသည်။
သပိတ်စခန်း ဖွင့်လှစ်ရာတွင် တစ်လကြာသည်အထိ ထူးခြားမှု မရှိသောကြောင့် အလုံမြို့နယ်၊ လွတ်တော်ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်မှု ပြုလုပ်သွားမည်ဟု လည်း ဦးတင်အုန်းကဆိုသည်။
ဦးတင်အုန်းက“ ဒီနေ့ဆို သပိတ်စခန်းက တစ်လခြောက်ရက်ရှိပြီ။ မတ် ၆ ရက်မှာ ဆန္ဒပြဖို့ ကြိုပြီးစာတင်ထားတယ်” ဟု ပြောသည်။
လက်ရှိ ရာသီဥတုအခြေအနေသည် ပူပြင်းလာသည့်အတွက် နာမကျန်းသူများလည်းရှိသည်ဟု သပိတ်စခန်း တာဝန်ရှိသူများက ပြောသည်။
သပိတ်စခန်းတွင် ဆန္ဒဖော်ထုတ်နေသူ ဒေါ်မြင့်မြင့်သိန်းကလည်း “ ကျန်းမာရေးအခြေအနေအကြီးအကျယ် မကောင်းတာတော့ မရှိဘူး။ ဖျားနားတာတွေ၊ ခေါင်းမူးတာတွေတော့ရှိတယ်” ဟု ပြောသည်။
မြန်မာ့ဂုဏ်ရောင်အိမ်ရာရှေ့ သပိတ်စခန်းဖွင့်လှစ်ထားသူများကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ရွှေသန်လျင် ပရဟိတလူငယ်(နာရေးကူညီမှု)အသင်းမှ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးသည်ဟု ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် မြန်မာဂုဏ်ရောင်ရပ်ကွက်ကို ဝါဝါဝင်းကုမ္ပဏီနှင့် ရပ်ကွက်ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးမောင်မောင်ညွန့်နှင့် ဦးညွန့်ခင်တို့က ၁၉၉၄ ခုနှစ်တွင် ယင်းရပ်ကွက် မြေနေရာအား တပ်မတော်မှ စစ်တန်းလျားဆောက်လုပ်ရန် အကြောင်းပြခဲ့ပြီး သတ်မှတ်ရက်အတွင်း မဖျက်သိမ်းပါက တပ်မတော်မှ ဘူဒိုဇာဖြင့် ထိုးမည်ဖြစ်၍ ဖယ်ရှားခဲ့ရသည်ဟု ယင်းရပ်ကွက်မှ ပြောင်းရွှေ့ခံရသူများက ဆိုသည်။
မြန်မာ့ဂုဏ်ရောင် ရပ်ကွက်သားများသည် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင် ပထမအကြိမ်ဆန္ဒပြခဲ့ပြီး ၂ဝ၁၃ခုနှစ် ဇူလိုင်လ ၂၇ ရက်က ဒုတိယအကြိမ်ဆန္ဒပြခဲ့သည်။ ပထမအကြိမ် သပိတ်စခန်းကို လူအင်အား ၆ဝဝ ကျော်ဖြင့် မြန်မာဂုဏ်ရောင်အိမ်ရာရှေ့တွင် ဇန်နဝါရီ ၃ဝ ရက် နံနက် ၈ နာရီက ဖွင့်လှစ်သည်။
No comments:
Post a Comment