Monday, March 24, 2014

ဝန်ကြီးဦးသိန်းဇော် ဦးဆောင်သော အဖွဲ့သည် “ ဝ ” ခရီးစဉ်ဖျက်သိမ်း

ဖနိဒါ

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီးဦးသိန်းဇော် ဦးဆောင်သော အဖွဲ့သည် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ်သို့ မတ်လ ၂၂ရက်တွင် လာရန် အစီအစဉ်ရှိသော်လည်း ရာသီဥတုအခြေအနေကြောင့် လာရောက်နိုင်ခြင်း မရှိခဲ့ဟု ပြင်ပဆက်ဆံရေးဌာန ဒုတိယ တာဝန်ခံ ဦးဆမ်ခွန်းက ပြောသည်။

မတ်လ ၂၂ ရက်တွင် ဦးသိန်းဇော် ဦးဆောင်သောအဖွဲ့သည် နေပြည်တော်မှ ထွက်ခွာ၍ တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးအတွက် “ ဝ ” အဖွဲ့နှင့် တွေ့ဆုံရန် ပြောဆိုထားသော်လည်း ရာသီဥတု ဆိုးရွားသဖြင့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

“သူတို့ မလာဖြစ်ဘူး။ ကျိုင်းတုံမှာ မိုးရွာလို့ ရဟတ်ယဉ် မတက်နိုင်ဘူး။ မလာဘူးတဲ့။ ဒီနေ့၊ မိုင်းလားထိရောက်တယ်။ မိုင်းလာကနေ မိုးရွာလို့ ရာသီဥတုက ဆိုးလို့ ရဟတ်ယဉ်က မတက်နိုင်ဘူးလေ။ ကျိုင်းတုံပြန်ခေါက်သွားကြပြီ”ဟု ဦးဆမ်ခွန်းက မဇ္ဈိမကို ပြောသည်။

ဝန်ကြီးဦးသိန်းဇော်နှင့် အဖွဲ့သည် မတ်လ ၂၁ ရက်နေ့တွင် မိုင်းလား (ခေါ်) အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု (NDAA) ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မိုင်းလားတွင် တစ်ညအိပ်ကာ မတ်လ ၂၂ ရက်တွင် နေ့လည်စာ စားပြီးနောက် ကားဖြင့် ကျိုင်းတုံတို့ ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု ဦးဆမ်ခွန်းက ပြောသည်။

ထိုခရီးစဉ်တွင် အဓိကအားဖြင့် တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးအတွက် သွားရောက်ခြင်း ဖြစ်သည် ဟု သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်များအနက် အင်အားအကြီးမားဆုံး ဖြစ်သော “ဝ” တပ်ဖွဲ့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ရရှိရေးကို လက်ရှိ အစိုးရထံ တောင်းဆိုနေသည်။

မိုင်းလား အထူးဒေသ ၄သည် “အခါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ”အဖြစ် လက်ရှိ အစိုးရထံ တောင်းဆိုသွားမည်ဟု မိုင်းလားတပ်ဖွဲ့မှ ဒု-ဥက္ကဋ္ဌ ဦးဆန်းပေက ပြောဆိုခဲ့ကြောင်း ရှမ်းသံတော်ဆင့်သတင်းဌာနတွင် ဖော်ပြထားသည်။

မိုင်းလားမြို့နယ်၊ မိုင်းယန်းမြို့နယ်က ဆီလူးဒေသနှင့်အနီး တဝိုက်၊ မိုင်းယောင်းမြို့နယ်က နမ့်ပန်းဒေသတို့ကို ထိန်းချုပ်ထားထားပြီး ရှမ်းလူမျိုးအမျိုးစုနှင့် အခါလူမျိုးများ နေထိုင်ကြသည်။

မိုင်းလားအဖွဲ့နှင့် “ ဝ ” အဖွဲ့တို့သည် အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည်ကို မတွေ့ရပေ။

မိုင်းလားနှင့် “ဝ” အဖွဲ့တို့သည် သမ္မတ ဦးသိန်းစိန် အစိုးရနှင့် ပထမဆုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သော အဖွဲ့ဖြစ်သည်။

No comments: