မြတ်စုမွန်
တိုင်းရင်းသား သတင်းမီဒီယာများက သတင်းရယူရာ၌ အစိုးရ အာဏာပိုင်များသာမက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်သွယ် သတင်း ရယူရာတွင်လည်း အခက်အခဲများနှင့် စိန်ခေါ်မှုများ ရှိနေကြောင်း ပြောသည်။
အစိုးရ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက မီဒီယာကို ထိန်းချုပ်လိုသော သဘောထားရှိကြောင်း၊ အကျိုးစီးပွားနှင့် ယှဉ်လာပါက သတင်းလွတ်လပ်ခွင့်ကို လက်မခံသည်ကို တွေ့ရှိရကြောင်း ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ သတင်းများကို ဦးစားပေး ဖော်ပြသည့် သံလွင်တိုင်း ဂျာနယ်မှ အယ်ဒီတာ ကိုမင်းလတ်ကလည်း ပြောဆိုသည်။
“အစိုးရပဲ ဖြစ်ဖြစ်၊ တိုင်းရင်းသား လက်နက်ကိုင်ပဲဖြစ်ဖြစ် သတင်းလွတ်လပ်ခွင့်ကို မူအားဖြင့် လက်ခံမယ်၊ ဒါပေမယ့် သူတို့အကျိုးစီးပွားကို ထိလာရင် ဘယ်သူမှ လက်မခံဘူး၊ သူတို့ကိုယ်တိုင် မီဒီယာနဲ့ မယဉ်ပါးဘူး၊ မီဒီယာကို ဘယ်လို ဆက်ဆံရမယ် ဆိုတာ မသိတော့ ထိန်းထိန်းသိမ်းသိမ်း လုပ်ရင်း ထိန်းချုပ်တဲ့ သဘောဖြစ်နေတယ်”ဟုလည်း ၎င်းက ပြောသည်။
ထို့အပြင် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး စသည့် သတင်းများ ဖော်ပြရန် လိုအပ်နေသော်လည်း လွတ်လပ်စွာ သတင်းရယူ ပိုင်ခွင့် နှောင့်နှေးနေဆဲဖြစ်ကြောင်း ကိုမင်းလတ်က ဆက်လက် ပြောဆိုသည်။
“သတင်းအမှားကို တင်ပြလိုက်မိတာထက် သတင်းအမှန်ကို ထိန်ချန်လိုက်ရတာကို ကျနော်တို့ အပြစ်ရှိသလို ခံစားရတယ်၊ သတင်း အမှန်ကို တင်ပြရင် အန္တရာယ်ရှိနိုင်လို့ ထိန်ချန်လိုက်ရတာတွေ ရှိတယ်”ဟုလည်း ၎င်းက ဆိုသည်။
ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်ကမူ တိုင်းရင်းသား မီဒီယာများ၏ အခန်းကဏ္ဍ ပိုမိုအားကောင်းလာရေး အတွက် ပြန်ကြားရေး ဝန်ကြီးဌာနက ကူညီ ပံ့ပိုးပေးရန် အစီအစဉ်ရှိပြီး လွှတ်တော်သို့ တင်ပြထားကြောင်း၊ အစိုးရ သတင်းစာများနှင့် အသံလွှင့် အစီအစဉ်များ၌ တိုင်းရင်းသား ဘာသာစကားများဖြင့် ထုတ်ဝေ ဖြန့်ချိ၊ အသံလွင့်ခြင်းများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ပြောသည်။
“လွှတ်တော်က သဘောတူညီချက် မရသေးဘူး၊ နိုင်ငံပိုင် သတင်းစာတွေမှာ တိုင်းရင်းသား ဘာသာစကားနဲ့ သတင်းတွေကို ၁ မျက် နှာ သို့မဟုတ် ၂ မျက်နှာ ထည့်ဖို့လည်း စီစဉ် နေပါတယ်”ဟု ၎င်းက ဆိုသည်။
ယင်းသို့ အစိုးရက ထုတ်ဝေ ဖြန့်ချိ အသံလွှင့် ပေးမည့် တိုင်းရင်းသား အသံများသည် ပြည်နယ်နှင့် တိုင်းရင်းသားများ၏ အသံကို မည်မျှ ကိုယ်စား ပြုနိုင်မည် ဆိုသည်ကို မသိရှိနိုင်ကြောင်း မွန် သတင်းဌာန တခု ဖြစ်သည့် ရွှေဟင်္သာ သတင်းဌာန ၏ အယ်ဒီတာ ကိုအောကရက် က ပြောဆိုသည်။
“ကျနော်တို့က လူထုကြားထဲမှာ တကယ် လုပ်နေကြတဲ့ အပိုင်း၊ ဒါကို သူတို့ဟာနဲ့ ရောလိုက်ရင် တိုင်းရင်းသား မီဒီယာတွေရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်နေသလို ဖြစ်မယ်”ဟုလည်း ၎င်းက ပြောသည်။
တိုင်းရင်းသား သတင်းမီဒီယာ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် Burma News International (BNI) ၏ ဖွံ့ဖြိုးရေး တာဝန်ခံ ဒေါ်နန်းဖောဂေ ကလည်း နိုင်ငံ မပွင့်လင်းခင် အချိန်က မီဒီယာများ အတွက် အခက်အခဲ များစွာရှိခဲ့ကြောင်းနှင့် ယခု ပွင့်လင်းချိန်၌ လည်း အခက်အခဲများ၊ စိန်ခေါ်မှုများ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း ပြောဆိုသည်။
“အပစ်အခတ် ရပ်ထားတဲ့ ကာလမှာ တိုင်းရင်းသား လက်နက်ကိုင်တွေက စီးပွားရေး လုပ်ချင်လာတာတွေ ရှိတယ်၊ အဲဒီလို သတင်းမျိုးတွေ ရယူခွင့်နဲ့ ပတ်သက်ပြီး ဖော်ပြရင် ကန့်သတ်မှုတွေ ရှိနေဆဲပဲ၊ သတင်းရဖို့ အတွက် ချဉ်းကပ်ရ ခက်နေသေးတယ်” ဟုလည်း ၎င်းက ပြောသည်။
ကိုမင်းလတ်ကလည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နှင့် ပတ်သက်၍ သတင်း အစအန များရရှိထားသော်လည်း စုံစမ်းရေးသား ဖော်ထုတ်ခြင်းများ လုပ်ကိုင်ရန် စိုးရိမ်မှုများ ရှိနေကြောင်း ပြောပြသည်။
“ရန်ကုန်အခြေစိုက် သတင်းသမားတွေ အဖို့တော့ အဆိုးဆုံးက ထောင်တန်းကျဖို့ပဲ ရှိတယ်။ တိုင်းရင်းသားဒေသက သတင်း သမား တွေ အတွက် အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်”ဟု ၎င်းက ဆိုသည်။
ထို့အပြင် မီဒီယာများ၏ မေးမြန်းချက်များအား ဖြေကြားပေးသည့် တိုင်းရင်းသား ဒေသခံများကို အစိုးရ စစ်တပ်က ခြိမ်းခြောက်မှု များလည်း ရှိကြောင်း ဒေါ်နန်းဖောဂေ က ပြောသည်။
“ဘက်မျှဖို့ အတွက် မျက်မြင်သက်သေ ဒေသခံတွေကို မေးပြီး ရေးတယ် ဆိုရင် အဲဒီလူတွေကို စစ်တပ်က ခြိမ်းခြောက်တာတွေ လုပ် တယ်၊ မီဒီယာက ဒီလူတွေကို နောက်တကြိမ် ချဉ်းကပ်ရ ခက်ခဲ သွားတယ်”ဟု ၎င်းက ဆိုသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသား မီဒီယာများ၏ အခန်းကဏ္ဍ အရေးကြီး သကဲ့သို့ အစိုးရ၏ ပူးပေါင်း ပါဝင်မှုလည်း လိုအပ်ကြောင်း ဒေါ်နန်းဖောဂေက ပြောသည်။
အလားတူ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များသည် မီဒီယာနှင့် အကျွမ်းဝင်မှု အားနည်းခြင်း၊ အင်တာဗျူးများကို ငြင်း ပယ်ခြင်း သာမက ကြမ်းတမ်းစွာ တုံ့ပြန်ခြင်းများ ပြုလုပ်နေဆဲကြောင့် မီဒီယာနှင့် ပိုမို အလှမ်းဝေးလာပြီး သတင်း ဘက်မျှမှု အပိုင်း တွင် အားနည်းလျက် ရှိသည်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
ရန်ကုန်မြို့၌ ပြီးခဲ့သည့် မတ်လ ၁၀၊ ၁၁၊ ၁၂ ရက်များတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မီဒီယာ ညီလာခံ၌လည်း“မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် တိုင်းရင်းသား မီဒီယာ အခန်းကဏ္ဍ”ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ယင်း ညီလာခံကို East West Center က ဦးစီး ကျင်းပခြင်း ဖြစ်သည်။ East West Center သည် အမေရိကန် နိုင်ငံ ဟာဝိုင်ယီ ပြည်နယ် ဟိုနိုလူလူမြို့ အခြေစိုက်ပြီး အမေရိကန်နှင့် အာရှပစိဖိတ် ဒေသအကြား စုပေါင်း သင်ယူခြင်း၊ လေ့လာ သုတေသန ပြုခြင်း၊ အပြန်အလှန် ဆွေးနွေး ဖလှယ်ခြင်း စသည့် အစီအစဉ်များကို လုပ်ဆောင်နေသော အဖွဲ့အစည်း ဖြစ်သည်။ နိုင်ငံတကာ အသိ အမှတ်ပြု Jefferson Fellowships သတင်းစာ ပညာ ဖလှယ်ရေး အစီအစဉ်ကို ဆောင်ရွက် ပေးနေသည့် အဖွဲ့လည်း ဖြစ် သည်။

No comments:
Post a Comment