Friday, March 21, 2014

လယ်မြေ ၁၃ ဧကကျော်မှ ဖယ်ရှားပေးရန် ဆရာတော် မိန့်ကြား

အောင်ကိုဦး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် သပြေအိုင်ကျေးရွာအုပ်စု တုံးတင်တပ်ကျေးရွာ၊ ကွင်းအမှတ် (၂၀၂၄) သပြေအိုင်ကွင်း ဦးပိုင်အမှတ် (၆၈/၂) ပေါ်ရှိ လယ်ယာမြေဧက ၁၃ ဒသမ ၆၁ အား စစ်ကိုင်းတောင်ရိုး လေးကျွန်းသာယာကျောင်းတိုက်မှ ဆရာတော်ဦးဝိသုတနှင့် သဲကောကျေးရွာ ဂေါပကအဖွဲ့ဝင်များနှင့် ပူး ပေါင်းကာ ၂၀၁၃ ခုနှစ် ဇွန်လမှ စတင်ဖယ်ရှားပေးရန် ခြိမ်းခြောက်ခံနေရကြောင်း လယ်သိမ်းခံတောင်သူ များက မတ် ၁၉ ရက်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ ရွာက ဘုန်းကြီးကျောင်းကကိုယ်တော်တွေ ဆွမ်းအဆင်ပြေအောင် နှစ်စဉ် လှူဒါန်းခဲ့ကြ တာပါ။ နှစ်ပေါင်း ၈၀ ကျော်ပြီ၊ ဘာပြဿနာမှမရှိခဲ့ဘူး။ အခု လာပြီး ခြိမ်းခြောက်မိန့်ကြားတဲ့ ဘုန်းကြီးကို လည်း ဒီတစ်ခါပဲမြင်ဖူးတယ်။ သူ့မြေလို့ လာပြောပြီး သိမ်းနေတာပါ။ ကျွန်တော်တို့မှာ လယ်ယာမြေပိုင် ဆိုင်ခွင့် အထောက်အထားတွေရှိပါတယ်။ ၂၀၁၃ အထိ ဆောင်ထားတဲ့ အထောက်အထား အားလုံးရှိပါ တယ်။ အခုလိုလုပ်တာဟာ ကျွန်တော်တို့ တောသူတောင်သားတွေကို အနိုင်ကျင့်တာပါ”ဟု ဦးကျော်ခိုင် က မဇ္ဈိမကို ပြောသည်။

ကောလင်းမြို့နယ် မြေစာရင်းရုံးသို့ ဒေသခံများက ဖြေရှင်းပေးရန် သွားရောက်ရာ တစ်စုံတစ်ရာ ဖြေရှင်း မပေးသည့်အပြင် အငြင်းပွားလယ်ယာမြေဟုဆိုကာ တရားစွဲဆိုခိုင်းသောကြောင့် ဒေသခံတောင်သူများ မှာ တရားရင်ဆိုင်နေရသည်။

ထိုသို့တရားစွဲဆိုနိုင်ရန် လယ်သိမ်းခံ တုံးတင်တပ်ကျေးရွာသားများ မပါဝင်ဘဲ သဲကောကျေးရွာဒေသခံ များဖြင့် ဂေါပကအဖွဲ့က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ထိုဒေသတွင် ရှေးယခင်ကတည်းက ဂေါပကအဖွဲ့ များ မရှိခဲ့ဘဲ မြေကိစ္စပေါ်လာပြီးနောက် ၂၀၁၃ စက်တင်ဘာ၂၃ ရက်ကျမှ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဒေ သခံများက ဆိုသည်။

“မြေစာရင်းနဲ့ ဘုန်းကြီး ပေါင်းပြီးလုပ်တာပါ။ ဒီလယ်ယာမြေပိုင်ရအောင် ဒီဇာတိ ဒီရွာသားလည်း မဟုတ် ဘူး။ အခုလုပ်စားနေတဲ့သူတွေက အဆက်ဆက် စိုက်ပျိုးစားခဲ့ကြတာပါ။ ဒါကို တစ်ရွာလုံးက သိတယ်။ ဘာမှနားမလည်သူတွေကို သက်သက်မဲ့ ကလိမ်ကကျစ်လုပ်တာပါ။ ဘုန်းကြီးနဲ့ မြေ ဘာမှမဆိုင်ဘူး။ ကျွန်တော်တို့ တောင်သူတွေ ဗုဒ္ဓဘာသာပီပီ နှစ်စဉ် ဆန် တင်း ၃၀ ကျော် လှူဒါန်းနေဆဲပါ။ ဒီလိုလှူနေ ရင်းနဲ့ အခုလို ရွာပေါ် ဒီလိုလုပ်တာ နည်းနည်းလေးမှ နားမလည်ဘူး။ ရာသီဖောက်လို့ အထွက်နှုန်းနည်း လည်း လှူဒါန်းတဲ့ဆန်က မလျှော့ပါဘူး”ဟု ဒေသခံကိုဝင်းမောင်က ပြောသည်။

အဆိုပါဒေသရှိ ကျေးရွာများသည် စစ်ကိုင်းတောင်ရိုးရှိ ဘုန်းကြီးကျောင်းများတွင် နှစ်စဉ်ဆန်လှူဒါန်းပေး နေကြသော ရွာများဖြစ်သည်။ တချို့ရွာများသည် စုပေါင်းလှူကြပြီး တချို့ရွာများသည် တစ်ရွာတည်း သီး သန့် လှူဒါန်းသည်။ ဒေသခံတောင်သူများက စစ်ကိုင်းတောင်ရိုးရှိ လေးကျွန်းသာယာကျောင်းတိုက်ကြီး သို့ ဘိုးဘွားစဉ်ဆက် ဆန်စပါးများ လှူဒါန်းခဲ့ပြီး ယနေ့အချိန်ထိလည်း တစ်နှစ်ကို ဆန်တင်း ၃၀ လှူဒါန်း နေဆဲဖြစ်ကြောင်း ဒေသခံတောင်သူများက ပြောသည်။

သိမ်းဆည်းခံလယ်ယာမြေများသည် ဒေသခံတောင်သူများ ပိုင်ဆိုင်ကြောင်း တုံးတင်တပ် ရွာဦးကျောင်း (ဇောတိက ရာမတိုက်)ဆရာတော် ဦးပညာဝံသကလည်း မဇ္ဈိမကို မိန့်ကြားသည်။

လယ်ယာမြေကိစ္စအတွက် ဘုန်းကြီးနှင့် အငြင်းမပွားလိုသော်လည်း အမှားက အမှန်ဖြစ်နေခြင်းကို သက် ဆိုင်ရာအာဏာပိုင်များ သိရှိစေရန် သာသနာရေးဝန်ကြီးဌာနအပါအ၀င် သက်ဆိုင်ရာဌာနအသီးသီးသို့ ဒေသခံဆရာတော်များနှင့် တောင်သူများ လက်မှတ်ထိုး၍ မတ်လ ၂၀ ရက်တွင် တိုင်ကြားသွားမည်ဟု သိရသည်။

လယ်ယာမြေ ၁၃ ဧကတွင် တောင်သူ ၂၀ ဦး လုပ်ကိုင်စားသောက်နေပြီး ယင်းရွာတွင် အိမ်ခြေ ၆၀ ခန့် သာရှိပြီး အားလုံးက ထောက်ခံလက်မှတ်များ ထိုးထားဖြစ်သည်။

အဆိုပါ မြေယာအငြင်းပွားသိမ်းယူမှုနှင့်စပ်လျဉ်း၍ ကောလင်း၊ မြေစာရင်းဦးစီးမှူးရုံး ဖုန်း ၀၇၅ ၄၂၀၂၉သို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

No comments: