Friday, March 21, 2014

မိတ္ထီလာပဋိပက္ခ ၁ နှစ်ပြည့်ချိန် လူ ၈၀၀၀ ခန့် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြရ

ရွှေအောင်

မိတ္ထီလာပဋိပက္ခ ၁ နှစ်ပြည့်ချိန်မှာ မြို့ပေါ်ကယ်ဆယ်ရေးစခန်း ၅ ခုမှာ ခိုလှုံနေရသူပေါင်း ၈ ထောင်လောက် ရှိနေသေးတယ်လို့ မြို့မိမြို့ဖတွေနဲ့ မြို့ခံတွေက ပြောပါတယ်။

မိတ္ထီလာမြို့မိမြို့ဖတဦးဖြစ်တဲ့ ဦးဝင်းက “အခုက ကယ်ဆယ်ရေး စခန်း ၅ ခုမှာ လူဦးရည် ၈ ထောင် ကျော်လောက် ရှိပါသေးတယ်။ ကျနော်တို့က ချမ်းအေးသာယာရပ်ကွပ်ထဲမှာက အလုံး ၂၀၀ ကျော်လောက်တော့ လောလောဆယ်မှာ အချောသတ်ဖို့ ရှိတော့တာပေါ့။ အချောသတ်ပြီးရင် ထားနိုင်တဲ့အနေအထားကို အပိုင်းပိုင်းပြီး ထားဖို့ စီစဉ်ထားပါတယ်။”

လုံးချင်းအိမ် ၂၀၀ ကျော်မှာ မိုးမကျမီ ပြန်လည်နေရာချထားပေးဖို့ လုပ်နေတယ်လို့လည်း ပြောပါတယ်။

မိတ္ထီလာမြို့နယ် ချမ်းအေးသာယာရပ်ကွက်မှာ ရန်ကုန် ရောင်နတ်ဗလီရဲ့ အလှူငွေနဲ့ လုံးချင်းအိမ်ရာ ၄၀၀ ကျော် ဆောက်လုပ်ပေးဖို့ စီစဉ်ထားတာ ဖြစ်ပြီး အလှူငွေအခက်အခဲ ရှိနေတယ်လို့ အိမ်ရာဆောက်လုပ်ရေးကြီးကြပ်မှု ကော်မတီဝင် ဦးခင်နန်းက ပြောပါတယ်။

“ငွေရေးကြေးရေး ခက်ခဲတယ်ဆိုတာလည်း ဒီအဆောက်အအုံတွေကို နိုင်ငံတော်ကပဲ ဆောက်ပေးသရောင်ရောင် နိုင်ငံတော်ကပဲ ငွေကြေးစိုက်ထုတ်ပြီးတော့ ဒီဒုက္ခသည်တွေအတွက် ဆောက်ပေးသလိုလို၊ တချို့ ဂျာနယ်တွေနဲ့ သတင်းစာတွေက ရေးလို့ အလှူငွေ မရလို့ ၂၇၃ လုံးမှာ လက်ရှိ ဖြည်းဖြည်းချင်းပဲ တည်ဆောက်နေပါတယ်။ အဲဒီထက်ပိုပြီး မဆောက်နိုင်သေးဘူး။ အလှူငွေနည်းလို့ အလှူငွေ မရလို့ပါ။”
အခု ရက်ပိုင်း မိတ္ထီလာမြို့မှာ ရဲတပ်ဖွဲ့ဝင် လုံခြုံရေးအင်အား တိုးမြှင့်ချထားပြီး နေ့ရောညပါ ကင်းလှည့် စောင့်ကြပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

၂၀၁၃ ခုနှစ် မတ် ၂၀ ရက်မှာ ရွှေဆိုင်အရောင်းအ၀ယ်လုပ်ရာက စပြီး ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခ အတွင်း လူနေအိမ်ခြေတွေ မီးရှို့ဖျက်ဆီးခံရလို့ ကယ်ဆယ်ရေးစခန်းတွေမှာ အိမ်ခြေမဲ့ လူဦးရေ ၁ သောင်းလောက် ခိုလှုံနေထိုင်ခဲ့ကြရပါတယ်။

အခု ၁ နှစ်ကြာချိန်မှာ လူနေအိမ်ခြေ မပျက်စီးဘဲ ကျန်ရှိခဲ့တဲ့သူတွေပဲ နေရာ ပြန်လည် ချထားပေးနိုင်ပြီး အိမ်မီးလောင်ပျက်စီးခဲ့တဲ့ မိသားစုတွေကတော့ ခုချိန်ထိ ကယ်ဆယ်ရေး စခန်းတွေမှာ ဆက်လက် ခိုလှုံနေကြရတာ ဖြစ်ပါတယ်။

အစိုးရက လူနေအိမ်ခြေတွေ ပြန်မဆောက်ပေးနိုင်သေးတာကြောင့် အခုလို ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။

အိမ်ခြေ မီးလောင်ပျက်စီးသွားလို့ နေစရာမရှိတဲ့ လူဦးရေ ၈ ထောင်လောက်ဟာ မိတ္ထီလာမြို့ပေါ်ရှိ ခရိုင်အားကစားကွင်း၊ ပို့ဆက် သင်တန်းကျောင်း၊ ရေအရင်းအမြစ်ရုံးဝင်း၊ အင်းကုန်းဘုန်းကြီးကျောင်းနဲ့ အုတ်ဖိုအလယ်တိုက် ဘုန်းကြီးကျောင်းတို့မှာ လတ်တလော ဆက်လက် ခိုလှုံနေထိုင်နေကြရတာ ဖြစ်ပါတယ်။

No comments: