Friday, March 21, 2014

ရုပ်ရှင် ၊ ဂီတ ၊ သဘင်အတွက် အမျိုးသားကဇာတ်ရုံကို တစ်နှစ်နှစ်ကြိမ် အခမဲ့ငှားမည်

ပန်းမြတ်ဇော်

ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံကို ရုပ်ရှင်၊ ဂီတ၊ သဘင်ပွဲတော်များအတွက် တစ်နှစ်လျှင်နှစ်ကြိမ် အခမဲ့ ငှားရမ်းခွင့်ပြုမည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး၊ သဘင်အစည်းအရုံး တို့နှင့် မတ်လ ၁၈ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု အဆိုပါ တွေ့ဆုံပွဲကို တက်ရောက်ခဲ့သည့် အတွင်းရေးမှူး ဦးဝင်းကြည်က ပြောသည်။

မတ်လ ၁၈ ရက် နေ့လည် ၄နာရီတွင် အမျိုးသားပြတိုက်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ နှင့်အတူ ရုပ်ရှင်အစည်းအရုံး ၊ ဂီတအစည်းအရုံး ၊ သဘင်အစည်းအရုံးတို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲကို သဘင်အစည်းအရုံးမှ ဒေါ်နွဲ့နွဲ့စန်း၊ ဂီတအစည်းအရုံးဘက်မှ ဦးလွင်မြင့်၊ ဦးမင်းနောင်၊ ဦးမောင်မောင်ကြီး၊ ရုပ်ရှင်အစည်းအရုံးမှ အတွင်းရေးမှူး ဦးဝင်းကြည်၊ နာ.ယ.က များဖြစ်ကြသော ဦးအောင်လွင်၊ ဦးကြည်စိုးထွန်းတို့ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အတွင်းရေးမှူး ဦးဝင်းကြည်က " တစ်နှစ်မှာ နှစ်ကြိမ် ခွင့်ပြုပေးမယ်။ မီးအားခကတော့ ၂သိန်း ၅သောင်း သွင်းပေးရမယ်လို့ ပြောပါတယ်။ ဆိုင်ခန်းဖွင့်ချင်တယ် ဆိုရင်လည်း ခွင့်ပြုပေးမယ် ရှေ့ကားပါကင် နေရာမှာလည်း ကန့်သွင်းပြီး ဖွင့်မယ် ဆိုရင်လည်း ခွင့်ပြုပေးမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကတော့ ဇာတ်ရုံ ငှားရမ်းခ သက်သာသွားတာပေါ့။ နောက်တစ်ခုက ကျွန်တော်တို့ အသင်းအဖွဲ့ အနေနဲ့ ရန်ပုံငွေ ရှာချင်ရင် ပိုပြီးရရှိနိုင်တယ်" လို့ ပြောပြသည် ။

တစ်နှစ်လျှင်နှစ်ကြိမ် ခွင့်ပြုမည်ဆိုရာတွင် ပြင်ဆင်ချိန် တစ်ရက် အပါအဝင် တပ်ဆင်ထားသော (audio)ငှားရမ်းခကိုလည်း သက်သာစေရန် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု ဆိုသည်။ ထို့အပြင် ငှားရမ်းလိုပါက နှစ်လထက်စော၍ ရက်ချိန်းပေးမည်မဟုတ်ဘဲ ပွဲမိန့် တောင်းခံရာ တွင်လည်း လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။

No comments: