နန်းမြင့်
ပဲခူးမြို့ရှိ၊ သီရိဥဿာဈေးမီးလောင်မှု ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁နာရီ ၁၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၉၄ ခန့် မီးလောင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၄၅၀ခန့် ရှိခဲ့သည်ဟု မီးသတ်ဦးစီးဌာန ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မင်းက ဖေဖော်ဝါရီ ၂၇ တွင် မဇ္ဈိမကို ပြောသည်။
အဆိုပါ ဈေးမီးလောင်မှုသည် ဈေး၏ အောက်ထပ်ရှိ ဈေးလျှပ်စစ်မိန်းခုံမှ သွယ်တန်းထားသည့် လုံခြုံရေးမီးလိုင်း အပူလွန်ကဲရာမှ စတင်မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်သည် ဟု မီးသတ်ဦးစီးဌာနက ယူဆထားသည်။
မီသတ်ဦးစီးဌာနရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မင်းက "ညဘက်မှာ လူတွေမရှိတဲ့အတွက် သတင်းပေးမှု နောက်ကျပြီး မီးလောင်မှုကြီးဖြစ်သွားတယ်” ဟု ပြောသည်။
ယင်းမီးလောင်မှုကြောင့် ဈေးအဆောက်အဦး ၅၁x၃၃၄ ပေ၊ ၆ပေပတ်လည် ဆိုင်ခန်း သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း နှစ်ထပ်ရှိ ဆိုင်ခန်းပေါင်း ၁၉၈ ခန်းအနက် ၉၄ ခန်းမီးလောင်မှုဖြစ်ပွားခဲ့သည်။ ယင်းဆိုင်ခန်းများနှင့် Mickey Mouse ကစားခန်းမတွင် မျက်နှာကြက်များ မီးလောင်ခံရသဖြင့် ဆုံးရှုံးမှုတန်းဖိုး ကျပ်သိန်းပေါင်း ၄၅၀ ခန့်ဟု မီးသတ်က ယာယီသတ်မှတ်ထားသည်။
မီးလောင်ရာသို့ မီးငြိမ်းသတ်ယာဉ် ၁၃ စီး၊ သန္ဓေမီးသတ် ၆၀ ဦး၊ အရန်မီးသတ် ၅၀ ဦးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားသည်။ ယင်းမီးလောင်မှုကြောင့် ဈေးတာဝန်ခံ၊ ဈေးလုံခြုံရေး ဝန်ထမ်းတို့ကို ပဲခူးမြို့နယ်အမှတ် (၁) မြို့မရဲစခန်းမှ ပ-၁၅၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့်အရေးယူထားသည်။
ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့၊ မြို့မဈေးကြီးတွင် လျှပ်စစ်လုံခြုံရေးမီးလိုင်း ပြုပြင်ရာမှ ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ ဈေးရုံ ၁၈ ရုံမှ ဆိုင်ခန်းပေါင်း တစ်ထောင်ကျော် မီးလောင်ခဲ့သဖြင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ၁၅၀၀ ကျော်ရှိခဲ့သည်။
၂၀၁၃ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးတွင် သံဖြူဇရပ်ဈေးမီးလောင်မှု အပါအဝင် ဈေးမီးလောင်မှု ၁၅ ကြိမ်ဖြစ်ပွားခဲ့သည်။
No comments:
Post a Comment