Saturday, March 22, 2014

ရခိုင်အမျိုးသားညီလာခံ ပတ်သတ်ပြီး ရန်ကုန်တွင်သတင်းစာရှင်းလင်းပွဲပြုလုပ်

တင့်ဆွေမောင်

ဧပြီလ ၂၇ ရက်နေ့မှ မေလ လ ၁ ရက်နေ့အထိ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျင်းပပြုလုပ်မည့် ရခိုင်အမျိုးသားညီလာခံနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ တစ်ခုကို ရန်ကုန်မြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။

၎င်းသတင်းစာ ရှင်းလင်းပွဲအား ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၊ ရခိုင်ဝါရင့်နိုင်ငံရေးသမားကြီး ဦးသာဘန်း၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) အထွေထွေအတွင်းရေးမှူး ခိုင်သုခတို့မှ ဦးဆောင်ပြီး ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ယမန်နေ့ ညနေ ၄ နာရီ မှ ၇ နာရီထိ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဓညဝတီကျောင်းတိုက်တွင် ၎င်းသတင်းစာ ရှင်းလင်းပွဲအား ပြုလုပ်ခဲ့သည်။

“ ကျနော်တို့က မတူညီတဲ့ အတွေးအခေါ်တွေရှိနေပေမယ့် ဦးဆောင်မှု တစ်ခု အောက်ကနေပြီး တူညီတဲ့ ပန်းတိုင်တစ်ခုကို အရောက်သွားဖို့ အတွက် ဖြစ်ပါတယ်။ အဓိကအားဖြင့် ရခိုင်ပြည်သူလုထု စည်းလုံးညီညွတ်ရေး၊ တန်းတူရေးနဲ့ တရားမျှတရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေး တို့အတွက် မဟာဗျုဟာများ ၊နည်းဗျုဟာတွေ ချမှတ်ကာ ဆောင်ရွက်သွားဖို့လည်း ရည်ရွယ်ပါတယ်။ ရခိုင်လူမူဘ၀ ဖွံဖြိုးတိုးတက်ရေးအတွက် ကတော့ နိုင်ငံတော်က ချမှတ်ထားတဲ့ ဒို့ တာဝန် အရေး သုံးပါးကို ဦးထိပ်ထားကာ ခေတ်မှီ တိုးတက်တဲ့ ရခိုင်ပြည်နယ်သို့ တက်လှမ်း နိုင်ရေးအတွက် မူဝါဒတွေအပြင် အဲဒီ ချမှတ်လိုက်တဲ့ မူဝါဒတွေကို လက်တွေ့  အကောင်ထည်ဖော်နိုင်ရေး အတွက် အဲဒီ ညီလာခံကနေ ဆုံးဖြတ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ရခိုင်အမျိုးညီလာခံ ကျင်းပမည့် ရည်ရွယ်ချက်နှင့် ပတ်သတ်ပြီး ရခိုင်တိုင်းရေးသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

ဝါရင့် နိုင်ငံရေး သမားင်္ကြီး ဦးသာဘန်းကလည်း ညီလာခံဖြစ်ပေါ်လာရန် ကြိုးပမ်းခဲ့ပုံ အဆင့်ဆင့်ကို ယခုလို ပြောသည်။

“ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြည်တွင်း ပြည်ပမှာရှိနေကြတဲ့ ရခိုင် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တရားဝင် ရခိုင်အဖွဲ့အစည်းတွေက ရခိုင် ခေါင်းဆောင်တွေနဲ့ အသိပညာရှင် အတတ်ပညာရှင်တွေဟာ ၂၀၁၃ ဇန်နဝါရီ လတွင် တစ်ကြိမ်၊ သြဂုတ်လမှာ တစ်ကြိမ်၊ ၂၀၁၄ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကတစ်ကြိမ် စုစုပေါင်း ၃ ကြိမ် အစည်းအဝေး ပြုလုပ်ပြီး ရခိုင်ညီလာခံ ဖြစ်မြောက်ရေးကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီက ရလဒ်ကြောင့် အမျိုးသားညီလာခံ ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ညီလာခံနှင့်ပတ်သတ်ပြီး ညီလာခံဖြစ်မြောက်ရေးကော်မတီ(ရန်ကုန်)က ၁။ ညီလာခံ ကျင်းပရေးကော်မတီ ၂။ လုပ်းငန်းကော်မတီ ၃။ ဆက်ဆံရေးနှင့် စည်းရုံးရေး ကော်မတီ ၄။ အကောင်အထည်ဖော်ဆောင်ရေးကော်မတီ ၅။ အမျိုးသား လေ့လာဆန်းစစ်ရေး မှတ်တမ်းနှင့် သုတေသန စုပေါင်းကော်မတီ ဆိုပြီး စုစု ပေါင်းကော်မတီ ၅ ဖြင့်ဖွဲ့စည်းသည့်အပြင် လုပ်ငန်းများအဆင်ပြေချောမွတ်စေရန် ကော်မတီ ၇ ရပ် အထိတိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားကြသည်။

ရန်ပုံငွေရှာဖွေရေးကော်မတီကလည်း မတ်လ ၃၀ ရက်နေ့ ညနေ ၆ နာရီင်္တွင် မျှော်စင်ကျွန်း၌ ရခိုင်အဆိုတော်များဖြင့် ရန်ပုံငွေရရှိရေး စတိတ်ရှိုးပွဲ ပြုလုပ်ရန်ရှိကြောင်းလည်း ပြောသည်။

၎င်းသတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းနာမည်ကြီး သတင်းဌာနအချို့လည်း တက်ရောက် ခဲ့ကြသည်။

No comments: