ကြယ်ပြာ
ယူနတီဂျာနယ်က လျှို့ဝှက်ဓာတုလက်နက်စက်ရုံဟု ရေးသားဖော်ပြခဲ့သော ပေါက်မြို့နယ်ရှိ ကပစ(၂၄) စက်ရုံ (ဒေသအခေါ်) အနီးတစ်ဝိုက်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ပေးရန် စက်ရုံမှူးက မြို့နယ်အုပ်ချုပ်ရေး ဘက်သို့ တောင်းဆိုထားကြောင်း ယင်းစက်ရုံအနီး မျှားပိုင်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး ဦးခင်မောင် သန်းကို မတ်လ ၂၀ ရက်တွင် မဇ္ဈိမကို အတည်ပြုပြောသည်။
မကွေးတိုင်း၊ ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ ယင်းစက်ရုံအနီးတစ်ဝိုက်တွင် ပုဒ်မ ၁၄၄ ထုတ်ပေးရန် အဆိုပါစက်ရုံမှူးက လာရောက် တောင်းဆိုထားခြင်းကြောင့် ခရိုင်နှင့် တိုင်းအုပ်ချုပ်ရေးအပိုင်းများကို မြို့ နယ်အုပ်ချုပ်ရေးမှူးက တင်ပြထားပြီးဖြစ်ကြောင်းကို မျှားပိုင်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးကို မတ်လ ၁၄ ရက်နေ့ မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်ယူပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“မြို့နယ်အုပ်ချုပ်ရေးမှူး ပြောပြတဲ့ ပုဒ်မ ၁၄၄ ဧရိယာတွေက စက်ရုံတစ်ဝိုက်တွင်မဟုတ်ဘူး။ ကျွန်တော် တို့ရွာတွေအပါအ၀င် ပေါက်-ကျောက်ထု-ဆောမြို့တွေကိုသွားတဲ့ ကားလမ်းပိုင်းတွေအထိ စုစုပေါင်းဧက သုံးသောင်းလောက်အထိဗျ”ဟု ဦးခင်မောင်သန်းက ပြောသည်။
ယူနတီဂျာနယ်တွင် စက်ရုံသတင်းကို ဖော်ပြခဲ့ပြီးနောက်တွင် စက်ရုံဝင်းတစ်ဝိုက်တွင်သာမက ဒေသခံများ တောထဲသွားသောနေရာများတွင်ပါ ရဲအင်အားများ တိုးချဲ့ချထားခဲ့ပြီး ဖြတ်သန်းသွားလာသူများကို မကြာခဏ စစ်ဆေးခြင်းများရှိနေသဖြင့် ဒေသခံများ အခက်ခဲဖြစ်နေကြောင်းနှင့် စက်ရုံမှထုတ်ပြန်လို သော မြေအတိုင်းအတာအထိသာ တရားဝင်ထုတ်ပြန်လိုက်ပါက ဒေသခံများ အဆိုးရွားဆုံးအခြေအနေ ကြုံတွေ့လာနိုင်သည်ဟုလည်း ဦးခင်မောင်သန်းက ဆိုသည်။
စက်ရုံတည်ဆောက်လိုက်ခြင်းကြောင့် စက်ရုံအနီး မျှားပိုင်းကျေးရွာအုပ်စုမှ လေးပင်အိုင်ဆိုသော ရွာမှာ ၂၀၁၁ ခုနှစ်က ပြောင်းရွှေ့ပေးလိုက်ရပြီး ရွှေ့ပေးလိုက်သောရွာမှ လယ်မြေများတွင် တဲများထိုးကာ နေထိုင်နေကြသော လူများကို ဖယ်ရှားပေးရန် လက်ရှိအချိန်တွင် ဖိအားပေးခံထားရသည်ဟု ဒေသခံများက ဆိုသည်။
မျှားပိုင်းကျေးရွာမှ မတင်တင်ကြူက “စက်ရုံဝင်းထဲကနေ ဖြတ်ပြီးတော့ တောထဲကို သွားရတဲ့လမ်းနဲ့ စက်ရုံနှစ်ခု ဆက်ထားတဲ့ လိုဏ်ခေါင်းပေါ်ကနေ ဖြတ်သွားရတဲ့လမ်း နှစ်လမ်းရှိတယ်။ ပုဒ်မ ၁၄၄ ထုတ်လိုက် တာနဲ့ ကျွန်မတို့တွေရဲ့ သွားလာရေးတွေက ဒုက္ခရောက်မှာပါ။ မလုပ်စေချင်ပါဘူး”ဟု မဇ္ဈိမကို ပြော သည်။
ဇန်န၀ါရီ ၂၅ ရက်ထုတ် ယူနတီသတင်းဂျာနယ် အတွဲ(၃)၊ အမှတ်(၄) တွင် အမှတ်(၂၄) ကာကွယ်ရေး ပစ္စည်းစက်ရုံကို လျှို့ဝှက်ဓာတုလက်နက်စက်ရုံခေါင်းစဉ်ဖြင့် ဓာတ်ပုံမှတ်တမ်းနှင့်တကွ ဖော်ပြထုတ်ဝေခဲ့ သည်ကို တွေ့ရှိရသည့်အပေါ် နိုင်ငံတော်၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေခြင်း၊ စက်ရုံ၏ တားမြစ် နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ချဉ်းကပ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်း၊ ၀င်ရောက်ခြင်း ဓာတ်ပုံရိုက်ခြင်းများ ကြောင့် သတင်းရေးသားသူနှင့် ဂျာနယ်တိုက်တာဝန်ရှိသူတို့အား စုံစမ်းအရေးယူပေးရန် ဇန်န၀ါရီ ၃၀ ရက်က ပေါက်မြို့မရဲစခန်းက တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစက်ရုံမှာ အခြားကာကွယ်ရေးပစ္စည်း စက်ရုံသာဖြစ်သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲ ထွဋ်က ပြောကြားထားသည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး လက်ရှိအချိန်ထိ စစ်ဆေးဆဲ ဖြစ်သည်။
No comments:
Post a Comment