စိုးသန်းလင်း
အစိုးရအဖွဲ့၏ ဘတ်ဂျက်လျာထားချက်များတွင် အခြေခံအဆောက်အအုံများအတွက်သာ ထည့်သွင်းရေး ဆွဲထားခြင်း၊ ပညာရေးတွင်လည်း သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းရန်သာ လျာထားခြင်းတို့သည် ၂၀၁၂ ခုနှစ်ကတည်းက မှန်းပြဋ္ဌာန်းထားသော ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကို အထောက်အကူမဖြစ်စေ ကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားနိုင်ရေးအတွက် သင်တန်းကြေးများ၊ နိုင်ငံခြားသား ပညာရှင်များ စသည့်တို့အတွက် ဘတ်ဂျက်လျာထားငွေ ရှိသင့်ကြောင်း ပြည်ထောင်စုလွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီဝင်၊ သာပေါင်းမြို့နယ်၊ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက မဇ္ဈိမကို ပြောသည်။
“လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေသုံးမှရမယ်။ အထူးသဖြင့် ပညာရေးမှာ အခြေခံ အဆောက်အအုံတွေအတွက်ပဲ ငွေသုံးနေကြတယ်။ ဆိုလိုတာက ကျောင်းတွေဆောက်တယ်၊ ကျောင်းတွေ ပြင်တယ်၊ လူတွေတော်လာဖို့အတွက်ကျတော့ ဘတ်ဂျက်မသုံးဘူးဖြစ်နေတယ်။ ဒါကြောင့် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းရှိရုံနဲ့ မရဘူး။ ဘတ်ဂျက်လျာထားချက်လဲ နောက်ကလိုက်ရမယ်”ဟု ၎င်းက ယနေ့ကျင်း ပသော ပြည်ထောင်စုလွှတ်တော်၊ န၀မပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့အပြီးတွင် ပြောကြားခဲ့ ခြင်းဖြစ်သည်။
၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ် တချို့သော စီမံကိန်းဥပဒေကြမ်းနှင့် ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ ရသုံးဆိုင်ရာဥပဒေကြမ်းတို့နှင့် စပ်လျဉ်းပြီး ယနေ့အစည်းအဝေး၌ ဆွေးနွေးခဲ့ကြသော ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးတွင် ဦးဝင်းသန်းလည်းပါဝင်ခဲ့ပြီး စီမံကိန်းဥပဒေနှင့် ဘဏ္ဍာရေးဥပဒေ များကို ထောက်ခံဆွေးနွေးခဲ့သူလည်း ဖြစ်သည်။
ဦးဝင်းသန်းက အစိုးရအဖွဲ့၏ စီမံကိန်းနှင့်ဘတ်ဂျက်လျာထားချက်အပေါ် တောင်းခံဆွေးနွေးရင်းက အဆိုတစ်ရပ်အဖြစ် တင်သွင်းအကြံပြုရာတွင် နောင်နှစ် ဘတ်ဂျက်လျာထားချက်၌ အခြေခံအဆောက်အအုံများ အတွက်သာမက အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ နိုင်ငံသားများအတွက် ရင်းနှီးမြှုပ်နှံမှုကို တိုး မြှင့်လျာထားသင့်ကြောင်းလည်း ပါဝင်ခဲ့သည်။
အစိုးရအဖွဲ့အနေဖြင့် ပိုမိုကောင်းမွန်သော စီမံကိန်းနှင့် ဘတ်ဂျက်လျာထားမှုများကို နှစ်စဉ်ရေးဆွဲသွားဖို့ လိုကြောင်း၊ ပညာရေးအသုံးစရိတ်သည် ၂၀၁၄- ၂၀၁၅ အတွက် ကျပ် ၁,၁၂၀ ဘီလီယံဖြစ်၍ ယမန်နှစ် ကထက် ကျပ် ၁၁၅ ဘီလီယံခန့် မြင့်တက်လာသော်လည်း အများစုသည် ကျောင်းပြင်ရန်၊ ကျောင်း ဆောက်ရန်သာ ဖြစ်နေသည်ကို တွေ့ရကြောင်းလည် ၎င်းက ပြောသည်။
“၂၀၁၄-၂၀၁၅ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပုဒ်မ(၈)မှာဆိုရင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ထာဝရရှင်သန်စေမည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြစ်သော လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကိုလည်း အလေးထား ဆောင်ရွက်ရမည်လို့ ပါရှိပါတယ်။ ဒါပေ မယ့် အခုလျာထားတဲ့ ဘက်ဂျက်မှာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်လို့ သိပ် မပါဝင် ပါဘူး”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ်ကတည်းက ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ချမှတ်ထားပြီးဖြစ်သော်လည်း စီမံကိန်း သာရှိပြီး ငွေက နောက်မှ မလိုက်လာသဖြင့် တိုးတက်မှုမရှိကြောင်း၊ ကမ္ဘာ့အဆင့်ကိုမဆိုထားနှင့် အာဆီ ယံအဆင့်လှမ်းဖို့ပင် အတတ်ပညာ မပြည့်စုံကြောင်း၊ ထို့ကြောင့် နိုင်ငံခြားဘဏ်လုပ်ငန်းများ ပြည်တွင်း၌ ဖွင့်ခွင့်ပေးလိုက်သော်လည်း ယခုတိုင် အကောင်အထည်မဖော်ရဲဘဲဖြစ်နေခြင်းမှာ ၎င်းတို့ကို မယှဉ်နိုင်၍ ဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်လာသည့်အခါ အလုပ်ကောင်းများ ရရှိစေရန်မှာ အသက်မွေး ၀မ်းကျောင်းပညာရပ်များ တတ်ထားကြရမည်ဖြစ်ကြောင်းလည် ၎င်းက ဖြည့်စွက် ရှင်းပြသည်။
ထို့အပြင် ၎င်းက “အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို အခုလို ကြုံသလိုလုပ်မယ့်အစား သက်ဆိုင် ရာပညာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး စီမံကိန်းမှာ ဘတ်ဂျက်တွေထည့်ဆွဲပြီး လုပ်ကိုလုပ်ရတော့မယ်” ဟုလည်း ပြောကြားခဲ့သည်။
ယနေ့ ပြည်ထောင်စုလွှတ်တော်၊ န၀မပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့အစီအစဉ်ပါ ၂၀၁၄-၂၀၁၅ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ၂၀၁၄ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် လွှတ်တော်ကိုယ်စားလှယ်တို့က ဆွေးနွေး အပြီးတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေ မန်းက “ကျွန်တော်တို့ နိုင်ငံမှာ သဘာဝ အရင်းအမြစ် ပြည့်စုံတယ်၊ ကြွယ်ဝတယ် ဆိုပေမယ့် လူသားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်မှုမရှိတဲ့အတွက် မတိုးတက်ဘူး။ တချို့နိုင်ငံတွေက သဘာဝအရင်းအမြစ်တွေ မရှိ ပေမယ့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်တဲ့အတွက် ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေ ဖြစ်နေတယ်။ စီမံကိန်း ကို စာရွက်ပေါ်မှာပဲထားပြီး လက်တွေ့ အကောင်အထည်ဖော်တဲ့အပိုင်းမှာ နောက်ကျအားနည်းနေမယ် ဆိုရင် မဖြစ်သင့်တဲ့ကိစ္စပါ”ဟု လွှတ်တော်သို့ပြောကြားခဲ့သည်။
သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လွှတ်တော်ကပါ ၀ိုင်းဝန်းပူးပေါင်း ကြိုးပမ်းကြစေလိုသည်ဟုလည်း ပြည် ထောင်စုလွှတ်တော်နာယကက တိုက်တွန်းပြောကြားခဲ့သည်။
လောလောဆယ်၌ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီသည် ပညာရေးဝန်ကြီးဌာနနှင့် ပူး ပေါင်းပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရ သည်။
No comments:
Post a Comment