ရေခဲ(ပြည်)
ပဲခူးတိုင်းပြည်ခရိုင်အတွင်း ဖေဖော်ဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တွင် နှစ်ရက်ဆက်တိုက် မီးလောင်မှု ဖြစ်ပွားခဲ့ သည်ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
၂၇ ရက် ည ၁၁ နာရီ ၄၅ မိနစ်တွင် ပေါင်းတည်မြို့နယ် မဲခေါင်အုပ်စုရွာသစ် ကုန်းကျေးရွာတွင် နေထိုင်သူ ဦးခင်မောင်မြင့်က အရက်ကြောင်ကာ နွားတင်းကုတ်နှင့် ၎င်း၏နေအိမ်အား မီးရှို့သဖြင့် တန်ဘိုးငွေ ကျပ် ၃ သိန်းခန့် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
နွားတင်းကုတ်နှင့် နေအိမ် မီးရှို့သူ ဦးခင်မောင်မြင့်အား အရေးယူပေးရန် ရာဆယ်အိမ်မှူးဦးကျော်စိုးက တရားလိုပြုလုပ် တိုင်တန်း သဖြင့်ပေါင်းတည်မြို့ မှတ်တိုင်နယ်မြေရဲစခန်းတွင်(ပ)၅၄/၂ဝ၁၄ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့် စစ်ဆေးဆောင် ရွက်လျှက် ရှိကြောင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းတွင် ဖော်ပြထားသည်။
ထို့အပြင် ဖေဖော်ဝါရီလ ၂၈ရက် နံနက်ကလည်း ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ထမင်းပေါင်းအိုးမှ တဆင့် ဝါယာရှော့ဖြစ်ကာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ မီးလောင်မှုမှာ ရွှေတောင်မြို့နယ် သရက်တော ရပ်ကွက် စံပြရပ်နေ ရွှေတောင်ချည်မျှင်နှင့် အထည်ချုပ်စက်ရုံဝန်ထမ်း၏ နေအိမ်၌ ဖြစ်ပွားခဲ့သည်။
ဝါယာရှော့မီးကြောင့် ကပ်လျက်တည်ရှိနေသည့် ဝန်ထမ်းအိမ်ယာတလုံးပါ မီးလောင်ခဲ့၍ ဝန်ထမ်းအိမ်ယာနှစ်လုံး၏ ပျက်စီးဆုံးရှုံးမှုတန်ဘိုးမှာ ကျပ်လေးသိန်းနီးပါး ဆုံးရှုံးခဲ့သည်။
မီးပေါ့ဆ သုံးစွဲသူအား ရွှေတောင်မြို့မ ရဲစခန်းတွင်(ပ)-၃၈/၂ဝ၁၄ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရပါသည်။
No comments:
Post a Comment