ဇော်ဇော်ထွေး
လှိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦး တိုက် ခြောက်လွှာမှ ခုန်ချ၍ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သော် လည်း အသက်မသေဘဲ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်ဟု အခင်းဖြစ်ပွားခဲ့သည့် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှိုင်မြင့်အောင်က မဇ္ဈိမကို ပြောသည်။
ဖြစ်စဉ်မှာ မတ်လ ၁၈ ရက် နံနက် ၈နာရီခွဲက (၅)ရပ်ကွက်အတွင်း ခရေပင် (၃)လမ်းရှိ ခြောက်လွှာအမြင့် ရှိ တိုက်ခန်းပေါ်မှ ခုန်ချ၍ သေကြောင်းကြံစည်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်ထားသည်။
“အကြောင်းအရင်းကတော့ သေချာ မသိရသေးပါဘူး၊ ခြောက်လွှာကနေ ပြုတ်ကျတာတော့ မှန်ပါတယ်။ အဲဒီအမျိုးသမီးမှာ ခေါင်းကွဲဒဏ်ရာနဲ့ ခါးနာတဲ့ဒဏ်ရတော့ ရရှိထားပါတယ်” ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးလှိုင်မြင့်အောင်က ဆိုသည်။
အဆိုပါ ဖြစ်စဉ်တွင် တိုက်ပေါ်မှ ခုန်ချခဲ့သူမှာ အသက် (၂၃) နှစ်အရွယ်ရှိ မဆုစန္ဒီဆိုသူဖြစ်ပြီး တောင်ငူမြို့ သို့ ပြန်လိုကြောင်းပြောသည်ကို ယောက္ခမဖြစ်သူတို့က မပြန်ရန်တားမြစ်သဖြင့် စိတ်ဆိုးကာ နေအိမ် တိုက်ခန်း ခြောက်လွှာ၊ ၀ဲဘက်ပြတင်းပေါက်မှ အောက်သို့ ခုန်ချခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ကနဦး ယူ ဆထားသည်။
ယင်းသို့ ခုန်ချရာ သုံးလွှာရှိ ဆန်းရှိတ်ပေါ်မှတစ်ဆင့် မြေညီထပ်ရှိ ကားဂိုဒေါင် သွပ်မိုးပေါ်သို့ ကျပြီး သွပ်မိုး ပေါက်ကာ မြေကြီးပေါ်သို့ ပြုတ်ကျ ခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ခုန်ချသူအမျိုးသမီးမှာ ဦးခေါင်းနှင့် ခါးတို့တွင် နာကျင်ဒဏ်ရာများ ရရှိထားသော်လည်း ရန်ကုန်ဆေးရုံကြီးတွင် စိုးရိမ်ဖွယ်မရှိသည့် အတွင်းလူနာ တစ်ဦးအဖြစ် ကုသမှုခံယူနေရသည်ဟု ရဲတပ်ဖွဲ့က အတည်ပြုသည်။
လက်ရှိတွင် တိုက်ပေါ်မှ ခုန်ချ၍ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သည့် အမျိုးသမီးကို ပိတောက်ချောင်း ရဲစခန်းက (ပ) ၁၃၁/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၀၉ ဖြင့် အရေးယူသွားမည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
No comments:
Post a Comment