ဖိုးစိုးသူ
ရန်ကုန်တိုင်း ၊ မှော်ဘီမြို့နယ် မရမ်းချောင်းကျေးရွာတွင် အစိုးရက ကျေးရွာသားများအတွက် စိုက်ပျိုးရေးလုပ်ရန် အတွက် ချထားပေးသော မြေကွက် ၁၈ဝဝဧကကို အုပ်ချုပ်ရေးမှူးက ရောင်းစားသဖြင့် ရွာသားများ လုပ်စားစရာမရှိဘဲ အခက်ခဲတွေ့နေရ သည်ဟု အဆိုပါကျေးရွာတွင်နေထိုင်သူများက မဇ္ဈိမကို ပြောသည်။
မရမ်းချောင်းကျေးရွာတွင် စတင်နေထိုင်ခဲ့သော အိမ်ထောင်စုပေါင်း ၈၇ဝ ကို အစိုးရမှ ၁၉၈၉ ခုနှစ်တွင် မြေဧက ၁၈ဝဝကို မရမ်းချောင်းကျေးရွာအနီးတွင် အိမ်ထောင်စု တစ်စုလျှင် တစ်ဧကနှုန်းဖြင့် လုပ်စားခွင့်ပေးခဲ့ပြီးနောက် ပိုသော မြေဧကများကို အုပ်ချုပ်ရေးမှူးက တစ်ဧက ကျပ်ငွေ ၉ သိန်းဖြင့် ရောင်းစားမှုများပြုလုပ်နေ၍ ကျေးရွာသားများအနေဖြင့် မပြုလုပ်ရန်အတွက် တားမြစ်ခဲ့သည်ဟု ဆိုသည်။
ယင်းသို့ တားမြစ်ခြင်းကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးက ရောင်းစားသော မြေကွက်များကို ပြန်ပေးမည်ဟုဆိုကာ လက်မှတ်ထိုးပေးခဲ့သည် ဟု အဆိုပါကျေးရွာ၏ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးသိန်းထွန်း ကပြောသည်။
"ကျန်တဲ့ ဧက ၉၃ဝ အပြင် လယ်သမားတွေ လက်ရှိလုပ်နေတဲ့ တစ်ဧကကိုပါ ဖယ်ရှားခိုင်းပြီး ရောင်းတာတွေလုပ်နေတယ်။ ရွာသားတွေမှာ ဘယ်သူ့တိုင်လို့ တိုင်ရမှန်းမသိဘူး ။ ကျွန်တော့်အဖေရဲ့ တစ်ဧကကိုလည်း ရောင်းစားခံရပြီးပြီ။ လယ်သမားတွေ အနိုင်ကျင့်ခံနေရတယ် " ဟု ဆိုသည်။
အဆိုပါကိစ္စ နှင့် ပါတ်သက်၍ မှော်ဘီမြို့နယ် မရမ်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ ရုံးဖုန်းကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဖုန်းကိုင်ခဲ့သော်လည်း ယခုကိစ္စအား ဖြေကြား၍ မရနိုင်ကြောင်းသာ ပြောကြားပြီး ဖုန်းချခဲ့သည်။
အဆိုပါ ကျေးရွာတွင် နေထိုင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိကထား အသက်မွေးဝမ်းကျောင်း ပြုရသူများဖြစ်ပြီး အစိုးရမှ ချထားပေးသော မြေဧကများတွင် လယ်စိုက်ခြင်း တောင်ယာလုပ်ခြင်းနှင့် သီဟိုပင်စိုက်ပျိုးရေးကို လုပ်ကိုင်ကြသည်။
မရမ်းချောင်းကျေးရွာတွင် အဆိုပါ ပြသနာအားဖြေရှင်းပေးရန်အတွက် မှော်ဘီမြို့နယ် အုပ်ချုပ်ရေးမှုးရုံးသို့ ကျေးရွာတွင် နေထိုင်သော သူများက လက်မှတ်ရေးထိုးပြီး တိုင်ကြားစာများ ပေးပို့ကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဟုဆိုသည်။
No comments:
Post a Comment