မျိုးသန့်
၂ဝ၁၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် ကျင်းပသည့်ကာလအတွင်း လမ်းများပိတ်ဆို့ခြင်း မဖြစ်ပေါ်စေရန်နှင့် ပတ်ဝန်းကျင် သန့်ရှင်းစေရန် ရည်ရွယ်ကာ လမ်းဘေးဆိုင်များ ဖွင့်လှစ်ခွင့်ပြုတော့မည် မဟုတ်ကြောင်း စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာန၊ ဌာနခွဲမှူး ဦးမောင်မောင်မြင့်က ဖေဖေဝါရီလကုန်က ပြောသည်။
''သင်္ကြန်အတွင်းမှာ လမ်းပိတ်ဆို့မှု ဖြစ်နိုင်တဲ့နေရာတွေမှာ ဖွင့်ခွင့်ပေးမှာ မဟုတ်ပါဘူး။ ကျူးဆိုင်တွေကိုလည်း ဖယ်ရှားသွားမှာ ပါ''ဟု ၎င်းက ပြောသည်။
သင်္ကြန်ကာလအတွင်း လမ်းများ မပိတ်ဆို့စေရန်၊ လမ်းပေါ် ကျူးကျော်ဆိုင် ဖွင့်ခြင်းကြောင့် ပြည်သူများ အနှောင့်အယှက် မဖြစ်စေ ရန်၊ ကျုံးဘေးပတ်လည် ၁၂ လမ်း၊ ၆၆ လမ်း၊ ၂၆ လမ်း၊ ၆၆ လမ်းများ လမ်းကြောရှင်းစေရန်ဖြစ်သည်။
''သင်္ကြန်ကာလအတွင်း ကျူးဆိုင်တွေကို ရှင်းသလို၊ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်''ဟု ဌာနခွဲမှူးက ပြောသည်။
သင်္ကြန်ကာလကျူးများအပြင် မန္တလေး ခြောက်မြို့နယ်အတွင်း လမ်းဘေးကျူးဆိုင်များကိုလည်း ဇန်နဝါရီလမှစ၍ ဖမ်းဆီးအရေးယူ လျက်ရှိကြောင်း၊ ၃၅ လမ်း ၈၄-၈၆ ကြားမှ ပန်းတန်းရှိ ကျူးများ ရှင်းလင်းခြင်းများကို ပူးပေါင်းရှင်းလင်းလျက်ရှိပြီး လိုအပ်ပါက တရားစွဲဆိုမှုများကိုလည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။
တရားစွဲဆိုရာတွင် စည်ပင်သာယာ ဥပဒေပုဒ်မ ၂၆ ဖြင့် တရားစွဲဆိုသွားမည် ဖြစ်ပြီး ငွေဒဏ်တစ်သိန်းမှ ၁ဝ သိန်းအထိ ဒဏ်ရိုက်ခံ ရမည် ဖြစ်သည်။ ထပ်မံကျူးလွန် ပါက ပုဒ်မ ၂၇ အရ ထောင်ဒဏ် ၁၅ ရက်အထိ ချမှတ်ခံရနိုင်သည်။
ယခုကဲ့သို့ ရှင်းလင်း၊ တရားစွဲမှုများကို ဆက်တိုက်လုပ်ဆောင်နေပြီး လက်ရှိအချိန်ထိ ငွေဒဏ်ဖြင့်သာ ပြစ်ဒဏ်ချမှတ်ခြင်းသာ ရှိသေးသည်ဟု အခွန်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
No comments:
Post a Comment