Friday, March 21, 2014

ပင်လယ်ပြင်အတွင်း ကျွဲမှောင်ခို စက်လှေတစ်စင်းကို ရေတပ်က လိုက်လံဖမ်းဆီး

ဇော်ဇော်ထွေး

မြန်မာ့ပင်လင်ပြင်အတွင်းမှ တရားမ၀င် ကျွဲမှောင်ခို စက်လှေတစ်စင်းကို ရေတပ်က လိုက်လံဖမ်းဆီးခဲ့ပြီး ဥပဒေကြောင်းအရ အရေးယူပေးရန် အမှုဖွင့်တိုင်တန်းသဖြင့် ရန်ကုန်မြို့ ဆိပ်ကမ်းရဲစခန်းက မတ်လ ၁၇ ရက်တွင် အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ တရားမ၀င် ကျွဲမှောင်ခို စက်လှေကို ဧရာဝတီရေတပ်စခန်းဌာနချုပ် ကွပ်ကဲမှုအောက်ရှိ အမှတ် (၆၂၃) ထောက်ပံ့ရေးရေယာဉ်က မတ်လ ၁၆ ရက် ညက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ရေယာဉ်သည် မြန်မာ့ရေပိုင်နက် ရေပြင်တွင် စစ်ဆင်ရေးဆောင်ရွက်နေစဉ် ဖျာပုံဘက်မှ ကျိုက္ခမီဘက်သို့ ခုတ်မောင်းနေသည့် စက်လှေတစ်စီးကို စစ်ဆေးရန် ရပ်တန့်စေခဲ့သည်။ သို့သော် စက် လှေမှာ ရပ်တန့်ခြင်းမရှိဘဲ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ပင်လယ်ဝ၏ တောင်ဘက် ခုနစ်မိုင် ခန့် ရေပြင်ပေါ် ည ၁၀နာရီ ၄၅ မိနစ်အချိန် တွင် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

အဆိုပါ စက်လှေပေါ်မှာလည်း မွန်ပြည်နယ်မှ အမျိုးသားလေးဦးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှ အမျိုးသား နှစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် အလျား ၄၄ပေ၊ အနံ ၁၂ ဒသမ ၅ပေ၊ ရေစူး လေးပေခန့်ရှိ သစ်သားလှေအား မြင်းကောင်ရေ (၃၀)တပ်ဆင်ထားပြီး လိုင်စင်မဲ့စက်လှေဖြစ်ကြောင်း စစ်ဆေး တွေ့ရှိခဲ့ပြီး ကျပ်၅၇ သိန်း တန်ဖိုးရှိ ကျွဲ ၁၉ကောင်မှာလည်း တရားမ၀င် သယ်ဆောင်လာခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ ရှိခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် ပဲ့နင်းဖြစ်သူ လှဌေးပါ ငါးဦးကို တရားမ၀င် ကျွဲနွားသယ်ဆောင်မှုဖြင့် အရေးယူပေးရန် ရေတပ် စစ်သင်္ဘောမှ တပ်ကြပ်ကြီးဖြစ်သူ အောင်ဝင်းလှိုင်က အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်သည်။ ယင်းတိုင်တန်းမှု ကို ဆိပ်ကမ်းရဲစခန်းက (ပ)၇၁/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး အရေးကြီး ကုန်စည်နှင့် ၀န်ဆောင်မှု ဥပဒေပုဒ်မ ၅ ဖြင့် အရေးယူရန် ဆောင်ရွက်နေသည် ဟုရဲတပ်ဖွဲ့က ဆိုထားသည်။

No comments: