Thursday, March 20, 2014

မန္တလေးဝန်ကြီးချုပ် တိုက်ခိုက်ခံခဲ့ရသည့် လမ်းကို အသုံးပြုမည့် ဒေါ်စု၏ ခရီးစဉ်အတွက် တိုင်းအစိုးရ လုံခြုံရေး သီးသန့်ပေးမည် မဟုတ်

ဥာဏ်လှိုင်လင်း၊ မျိုးသန့်

မိုးကုတ်မြို့သို့ မတ် ၂၂-၂၃ ရက်တွင် သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းသည် ဇန်န ၀ါရီလကုန်ရက်က မန္တလေးတိုင်းဝန်ကြီးချုပ်နှင့်အဖွဲ့ မိုင်းဆွဲတိုက်ခံခဲ့ရသည့် ပြင်ဦးလွင်-မိုးကုတ်လမ်းကို အသုံးပြုမည်ဖြစ်သော်လည်း တိုင်းအစိုးရက သီးသန့်လုံခြုံရေးပေးရန် အစီအစဉ်မရှိဟု လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးက မတ် ၁၈ ရက်တွင် ပြောသည်။

“အဖြူရောင်နယ်မြေဖြစ်တဲ့အတွက် လုံခြုံရေးသီးသန့် လုပ်ပေးဖို့မရှိပါဘူး”ဟု ၎င်းက ပြောသည်။ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၏ လုံခြုံရေးတာဝန်ခံ ဦးဝင်းထိန်ကမူ “အံ့သြဖို့ကောင်းတာက တိုင်းဝန်ကြီး ချုပ် တိုက်ခိုက်ခံရတဲ့နေရာ ရွာစဉ်မပြတ်တဲ့နေရာဖြစ်နေတယ်”ဟု ပြောသည်။ ၎င်းသည် ပြီးခဲ့သည့် မတ်လ ၁၅၊ ၁၆ ရက်တွင် အဆိုပါလမ်းသို့ သွားရောက်လေ့လာခဲ့သူဖြစ်သည်။

တိုင်းဝန်ကြီးချုပ်ယာဉ်တန်းသည် နောင်ချိုမြို့နယ်အတွင်းရှိ အဆိုပါလမ်းပိုင်း၏ ၂၉မိုင် ၄ ဖာလုံအရောက်တွင် ဆွဲမိုင်း၊ လက်နက်ငယ်တချို့နှင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ “ကျွန်တော့်စုံစမ်းသိရှိချက်အရ အဲဒီ မိုင်းခွဲခံရတဲ့ဖြစ်စဉ်အတွက် အနီးအနားက ရွာတွေကို တာဝန်ရှိသူတွေ လာပြီး မေးတာမြန်းတာတောင် မရှိဘူးလို့ဆိုတယ်”ဟု ဦးဝင်းထိန်က ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ၀န်ကြီးချုပ် ဘေးအန်္တရာယ်မဖြစ်ခဲ့သော်လည်း အစိုးရအဖွဲ့အရာရှိ တစ်ဦး၊ မီဒီယာသမား နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ယနေ့အချိန်အထိ တရားခံများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

“မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေ ပူးပေါင်းဖော်ထုတ် နေပါတယ်။ လတ်တလောမှာ ရှမ်းမြောက်ပိုင်းနားမှာ တိုက်ပွဲငယ် တချို့ဖြစ်နေတယ်လို့တော့ ကြားတယ်” ဟု တိုက်ခိုက်ခံရသည့် ယာဉ်တန်းတွင် ပါဝင်ခဲ့သူ မ​န္တလေးတိုင်း သစ်တောနှင့် သတ္တုဝန်ကြီး ဦးသန်းစိုး မြင့်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကမူ အဆိုပါခရီးစဉ်အတွက် အုပ်ချုပ်ရေးတာဝန်ရှိသူတို့၏ တာဝန်ယူ မှုမရရှိသော်လည်း ပြည်သူ့ အကူအညီဖြင့် ဘေးရန်ကင်းရှင်းရေး ဆောင်ရွက်နေသည်ဟု ဆိုသည်။ “ဘာ လက်နက် ဘာအခွင့်အာဏာမှ ရှိတဲ့သူမဟုတ်လို့ လူအင်အားနဲ့ စုံစမ်းနေရုံ၊ သိလို့ရှောင်လို့ရရင် ရှောင် လိုက်ရုံပဲ တတ်နိုင်မှာပါ”ဟု ဦးဝင်းထိန်က ပြောသည်။

ခရီးစဉ်ကို ခရီးမိုင် ပိုမိုဝေးကွာသည့် မန္တလေး-မတ္တရာ-စဥ့်ကူး-သပိတ်ကျင်း-မိုးကုတ်လမ်းဟောင်းမှလည်း သွားရောက်နိုင်သည်။ သို့သော် မတ်၂၄ ရက် လွှတ်တော်အစည်းအဝေးသို့ ပြန်လည်တက်ရောက်မည့် ဒေါ်အောင်ဆန်းစုကြည်အတွက် အဆင်ပြေနိုင်ခြင်းမရှိဟု NLD တာဝန်ရှိသူတို့က သုံးသပ်ထားကြ သည်။

“ပြင်ဦးလွင်-မိုးကုတ်လမ်းကသွားရင် သုံးနာရီလောက်နဲ့ ခရီးပေါက်နိုင်တယ်။ လမ်းဟောင်းထက်စာရင် လမ်းလည်းကောင်းတယ်”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်း အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောသည်။ ပါတီဝင်များ၊ ဒေသခံပြည်သူတို့၏ အင်အားဖြင့် အထူးဝီရိယထား ကြိုပမ်းနေ ပါသည်ဟုလည်း NLD တာဝန်ရှိသူအသီးသီးက ဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ၁၁ နှစ် ဒီပဲယင်းလုပ်ကြံခံရမှုမတိုင်မီ နောက်ဆုံးအကြိမ်အဖြစ် မိုးကုတ်မြို့သို့ သွားရောက်ခဲ့ဖူးပြီး ယခုသည် တတိယအကြိမ်မြောက်ဖြစ်သည်။ မတ်၂၂ ရက် ညနေ ပိုင်းတွင် မိုးကုတ်မြို့၊ အောင်နန်းဘောလုံးကွင်း၊ ၂၃ ရက်တွင် ကြပ်ပြင်မြို့တို့၌ အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာ လူထုတွေ့ဆုံပွဲများ ပြုလုပ်ရန် စီစဉ်ထားသည်။

ထို့နောက် ပြင်ဦးလွင်မြို့တွင် အထက်မြန်မာပြည်ရှိ စာရေးဆရာ ကဗျာဆရာများနှင့် တွေ့ဆုံရန်ရှိပြီး နေပြည်တော်သို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

No comments: