ရွှေအောင်
ကေအိုင်အိုထိမ်းချုပ်နယ်မြေတွေအတွင်း သန်းခေါင်စာရင်းကောက်ဖို့ လောလောဆယ် အနေအထားအရ မဖြစ်နိုင်သေးဘူးလို့ ကေအိုင်အိုဘက်က ငြင်းဆိုလိုက်ပါတယ်။
သမ္မတရဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ လိုက်ပါလာတဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင် အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီရဲ့ နှုတ်နဲ့ ကမ်းလှမ်းချက်ကို ကေအိုင်အိုဘက်က ပယ်ချခဲ့တာ ဖြစ်ပါတယ်။
မတ် ၁၆ ရက်မှာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီဘက်က ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ဆီကတဆင့် ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ကေအိုင်အိုဘက်က မတ် ၁၇ ရက်ညမှာ ပြန် အကြာင်းကြားခဲ့တာ ဖြစ်ပါတယ်။
ကြိုတင်ညှိနှိုင်းမှု မရှိလို့ အခုလို ပယ်ချခဲ့တာ ဖြစ်ကြောင်း အကြောင်းပြန်ခဲ့တာလို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးစန်းမောင်က ပြောပါတယ်။
“ကြိုတင် ညှိနှိုင်းမှု မရှိတဲ့အတွက်ကြောင့် အခုက အရမ်းနီးကပ်နေတဲ့အတွက်ကြောင့် ဆိုပြီးမှ လောလောဆယ် အနေအထားအရကတော့ မဖြစ်နိုင်သေးဘူး။ လုံခြုံရေးကအစ ထိန်းချုပ်ဧရိယာက ပြန့်ကျဲနေတဲ့အတွက်ကြောင့် လောလောဆယ် အနေအထားအရကတော့ မဖြစ်နိုင်သေးဘူးလို့ ပြောတယ်။”
ပြည်သူ့အင်အားဦးစီးဌာနရဲ့ ညွှန်ချုပ် ဦးမြင့်ကြိုင်ကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာလည်း တပြည်လုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူသွားမယ်လို့ ပြောပါတယ်။
“တပြိုင်တည်း ကောက်သွားမှာဗျ။ တပြိုင်တည်း ကောက်သွားမှာဆိုပေမယ့် တချို့နေရာတွေက သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင် ကူညီမှုနဲ့ သူတို့က တချို့ မြို့နယ်သင်တန်းတွေမှာ လာတက်နေကြပြီ။ သူတို့ကိုပဲ တာဝန်ပေးပြီး တချို့နေရာမှာ ကောက်မယ်။ သွားရေးလာရေး လွယ်တဲ့နေရာမှာက ဆရာ၊ ဆရာမတွေနဲ့ ကောက်မယ်။ တောထဲ တောင်ထဲ သိပ်အတွင်းကျတဲ့နေရာတွေကြတော့ တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ပဲ ကောက်မယ်။ တပြိုင်နက်တည်း ကောက်မှာပါ။”
ကေအိုင်အိုဘက်က ငြင်းဆိုထားတာကိုတော့ မသိသေးကြောင်း၊ ပူတာအိုခရိုင်မှာတော့ အောင်အောင်မြင်မြင်နဲ့ သန်းခေါင်စာရင်း ကောက်ယူပြီးသွားပြီလို့ ပြောပါတယ်။
မတ် ၃၀ ရက်မှာ တပြည်လုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း စတင်ကောက်ယူမှာ ဖြစ်ပြီး သန်းခေါင်စာရင်းကောက်ဖို့ ၁၁ ရက်ပဲ လိုတော့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာလည်း သန်းခေါင်စာရင်းကောက်ယူတဲ့နေရာမှာ ရိုဟင်ဂျာလူမျိုးဆိုပြီး ထည့်သွင်း ကောက်ခံတာ မလုပ်ဖို့ ဒေသခံတွေက ဆန္ဒပြနေကြပြီး ဒီကိစ္စ မပြတ်သေးဘူးလို့ ပြည်သူ့အင်အားဦးစီးဌာနရဲ့ ညွှန်ချုပ်က ပြောပါတယ်။
လတ်တလောမှာတော့ ဝေးလံခေါင်ပါးဒေသတွေဖြစ်တဲ့ ပူတာအို၊ မိုင်းလားအထူးဒေသ၊ ၀ ဒေသနဲ့ ကိုကိုးကျွန်းတို့မှာ သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီး ဖြစ်ပါတယ်။

No comments:
Post a Comment