Sunday, March 2, 2014

ဆော့ဝဲရေးနည်း ပညာများပေးရန် အိန်္ဒိယနိုင်ငံက အဆင်သင့်ရှိ

ဖြိုး

မြန်မာနိုင်ငံမှ ဆော့ဝဲလ်ရေးဆွဲသူများအတွက် နည်းပညာများပေးရန် အဆင်သင့်ရှိကြောင်း အိန်္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Electronic and Computer Software Export Promotion Council (ESC) ကိုယ်စား လှယ်အဖွဲ့မှ Mr. Pratap Hegde က ပြောသည်။

ဖေဖော်ဝါရီ ၂၇ ရက်က မန္တလေးမြို့တွင် ပထမဆုံးကျင်းပခဲ့သော ESC India – MCF Business to Business Meeting တွင် မြန်မာနိုင်ငံရှိ အရည်အသွေးရှိသော ဆော့ဝဲလ်ပညာလေ့လာနေသူများအား အိန်္ဒိယမှ နည်းပညာများ သင်ကြားပေးရန် အဆင်သင့်ရှိကြောင်း ၎င်းက ပြောဆိုသည်။

“ဒီနေ့ပွဲကို လာခဲ့တာ ပစ္စည်းရောင်းဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ကလည်း ဆော့ဝဲပညာရှင်တွေဖြစ်တဲ့ အတွက် ဒီပညာကို လာပြီး မျှဝေပေးတဲ့သဘောပါ”ဟု Mr. Pratap Hegde က ဆိုသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်း(MCF) နှင့် နယူးဒေလီအခြေစိုက် Electronic and Computer Software Export Promotion Council(ESC) တို့မှ ပူးပေါင်းကာ မန္တလေးမြို့တွင် ဆော့ဝဲလ်ဈေးကွက်အတွက် နည်းပညာမျှဝေခြင်းနှင့် အရောင်းမြှင့်တင်ခြင်းများ ဆောင်ရွက်ရန် ၎င်းပွဲကို ကျင်းပခြင်း ဖြစ်သည်။

၎င်းအဖွဲ့အစည်းသည် အိနိ္ဒယနိုင်ငံတွင် အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများကို အခြေခံ ကာ လုပ်ဆောင်သဖြင့် မြန်မာနိုင်ငံနှင့်ကိုက်ညီမှုရှိကာ နောင်နှစ်နိုင်ငံချစ်ကြည်ရေးအတွက်လည်း အ ထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း အိန်္ဒိယကောင်စစ်ဝန်ချုပ် Dr. Nandakumar. N က အခမ်းအနား တွင် ပြောသည်။

မြန်မာနိုင်ငံတွင် ဆော့ဝဲကို ထုတ်ကုန်တစ်ခုအဖြစ် မသတ်မှတ်သေး၍ ဆော့ဝဲပိုင်းတိုးတက်မှုမှာ နှောင့် နှေးနေကြောင်း မန္တလေးတိုင်း ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးလှကောင်းက ပြောသည်။

အကျိုးပြုဆော့ဝဲများ စီးပွားဖြစ်ရေးဆွဲနေသည့် ကုမ္ပဏီကြီးများသာမက တစ်ဦးချင်းပညာရှင်များအတွက် လည်း ဈေးကွက်မြှင့်တင်ပြီး နည်းပညာများမျှဝေပေးရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

၎င်းကိုယ်စားလှယ်အဖွဲ့သည် e - Government အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၂၈ ရက်တွင် မန္တလေးတိုင်းအစိုးရအဖွဲ့နှင့် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်းလည်း သိရသည်။

No comments: