Sunday, March 2, 2014

SSPP/SSA ဌာနချုပ်အား အစိုးရ တပ်အင်အား ထောင်ဂဏန်း ဖြင့် ဝန်းရံထား ထိပ်တိုက် မှု စဖြစ်

သျှမ်းသံတော်ဆင့်

သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည် တပ်မတော် SSPP/SSA ဝမ့်ဟိုင်း ဌာနချုပ်အား အောက်ပြည်မှ တပ်များ အပါအဝင် အစိုးရတပ် အင်အား ထောင်ဂဏန်းက ဝန်းရံ ထားသောကြောင့် ထိပ်တိုက် ရင်ဆိုင်တိုက် ပွဲများ အကြိမ်ကြိမ် ဖြစ်ပွား လာနေသည်ဟု သိရသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA ၏ ဝမ့်ဟိုင်းဌာနချုပ်အား မြောက်ဘက် မိုင်းရယ်မြို့နယ် ၊ အနောက်ဘက် ကျေးသီးမြို့နယ်၊ အရှေ့ဘက် တန့်ယန်း - မိုင်းရှူးကားလမ်း၊ တောင်ဘက် တွင် မိုင်းနောင် တို့ဘက်မှ အင်အား ထောင်ဂဏန်းက ဖေဖေါ်ဝါရီလ လယ်ပိုင်းမှစ၍ ဝိုင်းရံလာသောကြောင့် ယမန်နေ့ ဖေဖေါ်ဝါရီ ၂၈၊ ယနေ့ မတ်လ ၁ ရက်နေ့ ၌ တိုက်ပွဲ များ ဖြစ်ပွားခဲ့သည်ဟု ဝမ့်ဟိုင်းဌာနချုပ် ပြန်ကြားရေးအရာရှိများကပြောသည်။

နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲအခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) တပ်ရင်းမှူး က သျှမ်းပြည်တပ်မတော်တပ်များ နမ့်ပန်ချောင်းအရှေ့ဘက်ခြမ်းမှ ဖယ်ရှားပေးရန် ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က ဝမ့်ဟိုင်းဌာနချုပ်သို့ ညွှန်ကြားချက်ပေးခဲ့သည်ဟု ဆိုသည်။

“အစိုးရတပ်က ငြိမ်းချမ်းရေး တကယ်လုပ်လိုစိတ်မရှိဘူး။ ဟိုင်းပါကျေးရွာအုပ်စု နောင်ချိတ်နားပေ ကနေ (နမ့်ပန်ချောင်းအရှေ့ဘက်ခြမ်း) ဖယ်ပေးပါ၊ မဖယ်ရင်တိုက်ထုတ်မယ်တဲ့ဗျာ။ ရလခတိုင်းမှူး က ဖိအားပေးလာတယ်” - ဟု ရှေ့တန်း ရောက် အရာရှိငယ်တဦးကပြောသည်။

မိုင်းရယ်မြို့နယ် နှင့် ကျေးသီးမြို့နယ်ကြား ကောင်းလန်း၊ နားကျူ (ဝမ့်ဟိုင်းဌာနချုပ် အနောက် မြောက်) ဘက်တွင်လည်း ယမန်နေ့ ကတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲကြောင့် ကျေးလက်ဒေသခံ များလည်း တောတောင်အတွင်း တိမ်းရှောင်ပုန်းအောင်းနေကြောင်း တောင်ကြီးရောက် ကျေးသီး ဒေသခံ တဦးက ပြောသည်။

“အခု အင်အားဖြည့်လာတာက အောက်ပြည်က တပ်တွေပါတယ်ထင်တယ်။ သံဦးထုပ်တွေဆောင်း တယ်။ ယူနီဖေါင်းလဲ အသစ်တွေကြီးဘဲ။ ကောင်းမူးပန်တဲန်း ကနေ ဝမ်ကျူကို ၈၁ မမ လက်နက်ကြီးနဲ့ လာထုတာ။ တိုက်ပွဲက မနက် ၁၀ နာရီကနေ မွန်းလွဲပိုင်းလောက်အထိဖြစ်တယ်။ ဝမ့်ကျူကို မနေ့ညက ရအောင်ယူမယ်လို့အကြောင်းကြားလာတယ်။ ကျနော်ထင်တာ သူတို့ ရုံးအဖွဲ့ အရာရှိ ထိသွားလို့နဲ့ တူတယ်။ ဝမ့်ကျူကို သူတို့ထပ်တက်မလာဘဲဆုတ်သွားတယ်။ ကျနော်တို့လဲ ဝမ့်ကျူတောင်ဘက် ကျောမှာ နေရာယူထားတယ်အခု”


သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်အခြေအစိုက် က စကခ ၂ လက်အောက်ခံ ဗျူဟာမှူး ဒုတိယ ဗိုလ် မှူးကြီး ခင်မောင် ဦးစီးသည့် အင်အား ၂၀၀ ကျော် ပါ ခလရ ၂၄၃ စစ်ကြောင်း များဖြစ် ကြောင်း၊ ယမန်နေ့ဖြစ်ပွားသောတိုက်ပွဲကြောင့် စစ်အင်အား တရာခန့်လည်း တန့်ယန်းမှ ထပ်မံရောက်ရှိလာ နေကြောင်း တပ်မှူးတဦးက ပြောသည်။

မြောက်ပိုင်းသျှမ်းပြည်တပ်မတော်ဟု လူသိများသည့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် RCSS/SSA သည် မြန်မာအစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လက်မှတ် ထိုးထားသည့်တပ်ဖွဲ့ဖြစ်သည်။

No comments: