Wednesday, March 26, 2014

မြစ်ဆုံဆည်ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒပြသည့် တတိယနေ့ လူအင်အား ၂ဝဝ ကျော်ဖြစ်လာ

ရွှေရည်ဝင်းထက်

ဧရာဝတီမြစ်ဆုံဆည် အပြီးတိုင်ရပ်ဆိုင်းပေးရေးအတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးဆောင်ကာ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုမှာ မတ်လ ၂၅ ရက်တွင် လူအင်အား ၂ဝဝ ကျော်ဖြစ်လာကာ ပဲခူးတိုင်းအတွင်းသိုရောက်ရှိပြီဖြစ်သည်။

မတ်လ ၂၃ ရက် နံနက် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှ စတင်ထွက်ခွာချိန်တွင် လူအင်အား ၁ဝဝ ကျော်ဖြင့်စတင်ခဲ့သော်လည်း မတ်လ၂၅ရက်တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်လာသောကြောင့် လူအင်အား ၂ဝဝ ကျော်အထိ ရှိလာပြီဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ် လက်အောက်ရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ မှ ဦးရဲထွဋ်ခေါင်ကပြောသည်။

ဖြတ်သန်းသွားလာရာ လမ်းကြောင်းတစ်လျှောက်တွင်လည်း တတိယမြောက်နေ့အထိ အခက်အခဲ တစ်စုံတစ်ရာမရှိသေးဟု ဆိုသည်။

“ဖြတ်သန်းသွားလာရာ မြို့နယ်တွေကတော့ ခွင့်ပြုချက်ရှိလားမေးကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က သမ္မတကြီးဆီ တင်ပြထားတယ်။ ပြီးတော့သက်ဆိုင်ရာ မြို့နယ်တွေမှာလည်း ပူးပေါင်းပါဝင်ဖို့ အကြောင်းကြားစာ ပေးပို့ထားတယ်လို့ပြောတော့ အဆင်ပြေပါတယ်။ အခက်အခဲ ကြီးကြီမားမား မတွေ့ရသေးပါဘူး” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်မှ ဦးဆောင်ကော်မတီဝင် ဦးမြင့်ဝင်းမောင်ကပြောသည်။

အဆိုပါ လမ်းလျှောက်ဆန္ဒပြသည့်အဖွဲ့သည် မတ်လ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်မှ နံနက် ၆ နာရီ တွင်စတင်ထွက်ခွာကာ ပဲခူးတိုင်းဒေသကြီး သာယာဝတီတွင် ညအိပ်ရပ်နားသည်။ မတ်လ ၂၆ ရက်တွင် သာယာဝတီမှ နံနက် ခြောက်နာရီတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ယင်းနေ့ညတွင် ပြည်မြို့သို့ ရောက်ရှိမည်ဖြစ်သည်။

အဆိုပါမြစ်ဆုံစီမံကိန်းအပြီးသတ် ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို ခန့်မှန်းခြေရက် ၁ဝဝ သတ်မှတ်ထားပြီး မြစ်ဆုံ စီမံကိန်းသို့ ရောက်ရှိသည့်အခါ ခန့်မှန်းခြေ လူအင်အား ၅ဝဝဝ နီးပါး ဖြစ်လာနိုင်သည်ဟု ဦးရဲထွဋ်ခေါင်က ခန့်မှန်းပြောဆိုထား သည်။

No comments: