Friday, March 21, 2014

ကွန်ဒုံးဖြင့် ထုပ်ပိုးထားသည့် ဘိန်းဖြူများ အမျိုးသမီးတစ်ဦးထံမှ ဖမ်းဆီးမိ

ကိုတိုးကြီး

ဘိန်းဖြူဟုယူဆရသည့် အဖြူရောင်အမှုန့်များကို အမျိုးသမီးတစ်ဦးက ကွန်ဒုံးဖြင့်ထုပ်၍ ၎င်း၏ လိင်အင်္ဂါအတွင်း ထည့်သွင်းသယ်ဆောင်လာသည်ကို စစ်ကိုင်းတိုင်း၊ မတူး-ကလေး အဝေးပြေးလမ်းမပေါ်တွင် မူးယစ်တပ်ဖွဲ့စုက မတ် ၁၈ တွင် ဖမ်းဆီးလိုက်သည်။

တမူးမြို့နယ်၊ ကမ္မကြီးကျေးရွာအနီးရှိ အဝေးပြေးလမ်းမပေါ်တွင် တမူးမှ ကလေးသို့ မောင်းနှင်လာသည့် ခရီးသည်ယဉ် တစ်စီးကို ရှာဖွေစစ်ဆေးခဲ့ရာမှ အဆိုပါ အမျိုးသမီးထံတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကလေးမြို့နယ်၊ တင်သားကျေးရွာနေ အသက်(၃၃)နှစ်အရွယ် မမို့မို့ ဆိုသူမှာ အလေးချိန်(၉)ဂရမ်ရှိ ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုန့်များကို ကော်ဗူးတစ်ခုထဲသို့ ထည့်ကာ ကွန်ဒုံးဖြင့် ထုပ်ပိုးထားပြီး သူမက ၎င်း၏ တန်ဆာ အတွင်းသို့ ထိုးသွင်းလျှို့ဝှက်၍ သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် မူးယစ်လှုပ်ရှားအဖွဲ့က အဆိုပါကားပေါ်ရှိ ကျန်ခရီးသည်များကို ဆက်လက်၍ ရှာဖွေစစ်ဆေးခဲ့ရာ တစ်ရွာတည်းနေ မမြင့်မြင့်ခိုင်ဆိုသူ၏ ခရမ်းရောင်ဖျော့ အောက်ခံဘောင်းဘီအတွင်းမှ အလေးချိန်(၁၁)ဂရမ်၊ တစ်ရွာတည်းနေ မကြည်ကြည်မာဆိုသူ၏ ဘောင်းဘီအတွင်းမှ အလေးချိန် (၁၂) ဂရမ်ကို တစ်ဆက်တည်း ရှာဖွေသိမ်းဆည်းရရှိခဲ့သည်ဟု ခမ်းပတ်နယ်မြေရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့ကြောင့် မူးယစ်လှုပ်ရှားအဖွဲ့က အဆိုပါ အမျိုးသမီးများကို တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် ခမ်းပတ်နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့ရာ ရဲစခန်းက မူးယစ်(ပ) ၉/၂၀၁၄၊ ၁၀/၂၀၁၄၊ ၁၁/၂၀၁၄ မူးယစ်ပုဒ်မ ၁၅/ ၁၉(က) အရ အမှုဖွင့် အရေးယူခဲ့သည်။

No comments: