လပြည့်ဝန်း
သစ်မှောင်ခိုမှုတွင် သစ်လုံးပိုင်ရှင်ကို အရေးယူမှုမပြုသည့်အပြင် အမှုဖွင့်ရာတွင်လည်း ဖမ်းဆီးရမိသည့် သစ်လုံးရေထက် ထက်ဝက်ကျော် လျော့နည်းနေသည်ဟု တိုင်းအဆင့်အစိုးရအဖွဲ့အစည်းများနှင့် အရပ် ဘက်အဖွဲ့တို့ ပူးပေါင်းရေးအဖွဲ့က စစ်ဆေးစဉ် တွေ့ရှိခဲ့ကြောင်း စစ်ဆေးရေးအဖွဲ့တွင်ပါဝင်သူ ကလေး ကဘော်လွင်ပြင်ဒေသ စောင့်ကြည့်ရေးအဖွဲ့မှ ဦးကျော်သက်ဝင်းက မဇ္ဈိမကို ပြောသည်။
ဒေသခံများ၏ တိုင်ကြားမှုအရ ဖေဖော်ဝါရီ ၂၅ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာန၊ က လေးမြို့ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ကလေးကဘော်လွင်ပြင်ဒေသအဖွဲ့တို့ ပူးပေါင်းကာ သွားရောက်စစ် ဆေးခဲ့ရာမှ တမလန်းသစ်လုံးရေ ၃၀၀ ကျော် စစ်ဆေးတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ သစ်မှောင်ခိုမှု ကို ဖေဖော်ဝါရီ ၁၃ ရက်က ကလေးမြို့ရဲစခန်း၌ အမှုဖွင့်ထားရာတွင် တမလန်းသစ်လုံးရေ ၁၆၀ ဖမ်းဆီး ရမိသည်ဟုသာ ရဲမှတ်တမ်းတွင် ဖော်ပြထားကြောင်းလည်း ဦးကျော်သက်ဝင်းက ပြောသည်။
ကလေးမြို့၊ မြို့သာရပ်ကွက်၊ “ဌေး”ဆီစက်အတွင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး သစ်တောဦးစီးဌာန ၀န်ထမ်းအချို့၊ ကလေးမြို့ခရိုင်ရဲနှင့် သစ်လုံးပိုင်ရှင်တို့က ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ခြင်းမရှိဟု ၎င်း က ဆိုသည်။
အဆိုပါ တရားမ၀င်သစ်မှောင်ခိုပုံထဲမှ ဖေဖော်ဝါရီ၂၄ ရက်အထိ ပြန်လည်ခိုးထုတ်မှုများ ရှိနေသည့်အတွက် ဒေသခံများ၏တိုင်ကြားမှုဖြင့် အထက်ပါအတိုင်း ပူးပေါင်းရေးအဖွဲ့ကာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
“အမှုဖွင့်တာ ၁၃ ရက်ကဆိုပေမယ့် ၂၅ ရက်အထိတောင် အရေးယူမှုမရှိဘူး။ ပြီးတော့ သစ်ပုံကြီးကို ဖမ်းမိတဲ့နေရာမှာဘဲထားထားတာ တွေ့ရတယ်။ ဒီသစ်တွေကို ကားတွေနဲ့လာသယ်တယ် ဘယ်သူကသယ် လို့သယ်မှန်းလဲမသိဘူး။ သစ်တောဝန်ထမ်းတွေကို မေးကြည့်တော့လည်း ခိုင်လုံမှုမရှိဘူး။ လက်ရှိအပြင် ကို သစ်ဘယ်လောက်ထွက်သွားတယ်ဆိုတာလည်း မသိဘူး။ ဒီကြားထဲမှာ မရိုးသားမှုတွေ ရှိနေတာကို တွေ့ရတယ်။ ဒါကိုဖော်ထုတ်ပြီး သေချာ အချက်အလက်တွေနဲ့ သက်ဆိုင်ရာကို တင်ပြသွားမယ်”ဟု ဦး ကျော်သက်ဝင်းက ဆိုသည်။
ယင်းတမလန်းသစ်များသည် သစ်မာအမျိုးအစားဖြစ်ပြီး နှစ်တစ်ရာတွင် တစ်ကြိမ်သာ ခုတ်ခွင့်ရှိပြီး ယင်း သစ်ကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နေကာ မြန်မာနိုင်ငံတွင် သုံးစွဲခွင့်ပိတ်ပင်ထားကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်တူးက “သစ်မှောင်ခိုမှုမှာ ပါဝင်တဲ့သူတွေအားလုံးကို ဥပဒေအရ အရေးယူ သွားရမှာပေါ့။ အခု စစ်ဆေးတွေ့ရှိတဲ့ သစ်တွေကိုလည်း နိုင်ငံပိုင်အဖြစ် သိမ်းဆည်းလိုက်ပါပြီ”ဟု မဇ္ဈိမ ကို ပြောသည်။
ကလေးမြို့နယ်အတွင်း သစ်ခွဲလုပ်ငန်းလုပ်ကိုင်ကြသူများနှင့် သစ်တောကြိုးဝိုင်းတာဝန်ရှိသူများပူးပေါင်း ကာ သစ်ခိုးထုတ်ခြင်း၊ သစ်ခုတ်ခြင်းများအပြင် တရုတ်သို့ သစ်ကုန်ကြမ်း ရောင်းချခြင်းများကြောင့် က လေးမြို့နယ်အတွင်း သစ်တောများ ပြုန်းတီးမှုများ များလာကြောင်း ကလေးမြို့ဒေသခံ ဦးအောင်ကိုကို က သုံးသပ်ပြောဆိုသည်။
“သစ်ခိုးထုတ်တာတွေကို ဖမ်းတယ်ဆိုပေမယ့် အနီးနားကျေးရွာက အိမ်သုံးလိုတာတွေကို ဖမ်းတာတွေပဲ ရှိတယ်။ တကယ့်ကို စီးပွားရေးလုပ်ဖို့ကိုတော့ ဖမ်းတာ ထိထိရောက်ရောက် မရှိကြဘူး။ အဓိကကတော့ သစ်တောတာဝန်ရှိသူတွေကိုယ်တိုင်က လုပ်စားနေကြလို့ပဲ”ဟု ပြောသည်။
No comments:
Post a Comment