အေးမြင့်စန်း၊ ရွှေရည်ဝင်းထက်
နိုင်ငံရေးအကျဉ်းသားဟောင်းများစာရင်း မှတ်တမ်းကောက်ယူရာတွင် စာရင်းပေးသူအချို့အနေဖြင့် အစိုးရမှ ပြန်လည်ထိန်းသိမ်းမည်ကို စိုးရိမ်မှုများရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများကွန်ယက် (အထက်မြန်မာပြည်) မှ ဦးသန့်ဇင် က မဇ္စျိမကို ပြောသည်။
“နိုင်ငံရေးအကျဉ်းသား စိုးရိမ်ပူပန်မှု ဆိုတာက အစိုးရက ပြန်ပြီး နောက်ကြောင်းပြန်လှည့်မယ့် ပုံသဏ္ဍာန်မျိုး ဖြစ်လို့ရှိရင် ဟိုးအရင်တုန်းက ပုံစံမျိုးဖြစ်မှာစိုးရိမ်တာပါ။ ၂ဝ၁၅ ဝန်းကျင်ပဲဖြစ်ဖြစ် နိုင်ငံရေးအကျဉ်းသား ပြန်ထိန်းနိုင်တယ် ဆိုတာမျိုးတွေ စိုးရိမ်မှုရှိကြတယ်” ဟု ပြောသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများ စာရင်းမှတ်တမ်း ကောက်ယူနေသည့်အပေါ် နိုင်ငံရေးအကျဉ်းသားဟောင်းများက ၎င်းတို့၏ လုံခြုံရေး အပေါ်စိုးရိမ်မှု ရှိနေခြင်းဖြစ်သည်။ စာရင်းကောက်သည့်အခါတွင်တော့ ၎င်းတို့အတွက် လုံခြုံရေးအာမခံချက်ပေးခြင်း မျိုးတော့ မရှိဟု ဆိုသည်။
နိုင်ငံရေးအကျဉ်းသားစာရင်းစတင်ကောက်ယူသည့် ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာမှ လက်ရှိအချိန်အထိ နိုင်ငံရေးအကျဉ်းသားဦးရေ ၁ဝဝဝ ဝန်းကျင်သာ စာရင်းကောက်ယူပြီးဖြစ်သည်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ စစ်တွေ၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းအတွင်းမှ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ ဝေါ၊ ညောင်လေးပင်၊ ကျိုက်ထို၊ ဒိုက်ဦးတို့တွင် ဒေသခံ နိုင်ငံရေးအကျဉ်းသား ဟောင်းများ၏အကူအညီပေးမှုဖြင့် စာရင်းကောက်ယူခဲ့ခြင်းဖြစ်သည်။
၁၉၆၂ ခုနှစ်မှစ၍ ၂ဝ၁၃ ခုနှစ်အထိ စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံခဲ့ရသူများစာရင်းတွင် စစ်ကြောရေးစခန်းများမှ အတွေ့အကြုံများ၊ အကျဉ်းထောင်များအတွင်း နှိပ်စက်ညှဉ်းပန်းခံရမှုများနှင့် လက်ရှိ နိုင်ငံရေးအကျဉ်းသား ဟောင်းများ၏ မိသားစုအခြေအနေများ၊ သားသမီးများ၏ ပညာရေး၊ စီးပွားရေးအခြေအနေများဟူ၍ နှစ်ပိုင်းခွဲ ကာ ကောက်ယူလျက်ရှိရာ နိုင်ငံရေးအကျဉ်းသားအချို့က လက်ရှိ၎င်းတို့၏ လူနေမှုအခြေအနေများကို စာရင်းတွင် ဖြည့်ပေးခြင်းမရှိသည်ကိုလည်း တွေ့ရသည်ဟု လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီဝင် ဦးရဲအောင်ကဆိုသည်။
“အချက်အလက်တွေ အပေါ်မှာ သတင်းပေါက်ကြားမှာ စိုးရိမ်နေတာတွေ့ရပါတယ်။ ကျွန်တော်တို့ မကောက်လဲ နိုင်ငံရေး အကျဉ်းသားဟောင်း အတော်များများ ဖြစ်ရပ်တွေက သက်ဆိုင်ရာ ရပ်ကွက်မှာရှိတဲ့ အာဏာပိုင်တွေမှာ ရှိပြီးသားပါ။ မစိုးရိမ်ကြဖို့ပြောရတယ်။ စာရင်းမကောက်ယူခင်တည်းက လုံလုံခြုံခြုံ သိမ်းဆည်းဖို့ ထည့်သွင်းစဉ်းစားထားပြီးသားပါ” ဟုပြောသည်။
လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးသိန်းကလည်း ထောင်များအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ ကုန်သွားလျှင် ပြန်လည်ထူထောင်ရေးလုပ်ရန် နှုတ်ကတိ ပြောထားတာရှိသည့် အတွက် ၎င်းတို့၏ လူနေမှု အခြေအနေများ ကို ဖြည့်မှသာ အစိုးရ ပြန်လည်ထူထောင်ရေးကိစ္စများတွင် ရှေ့ဆက်ဆွေးနွေးနိုင်မည်ဟု ၎င်းကဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်အတွင်းမှ ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နာကျည်းမှုများခံစားခဲ့ရပြီး ပညာရေး၊ ကျန်းမာရေးထိခိုက်မှုများနှင့် ၎င်းတို့၏ မိသားစုဘဝများ ပျက်စီးခြင်း၊ စားဝတ်နေရေးပြန်လည်နလံမထူနိုင်ခြင်း၊ လူနေမှုဘဝ ပျက်စီးမှုများ ကြုံ့တွေ့ နေရသည်ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများပြုလုပ်ပေးရန် လိုအပ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း များစာရင်းမှတ်တမ်းကောက်ယူရေးနှင့်ပတ်သက်၍ ထုတ်ပြန်ကြေငြာထားသည်။
လတ်တလော နိုင်ငံရေးအကျဉ်းသားဟောင်းများစာရင်းမှတ်တမ်းကောက်ယူမှုတွင် အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု မရှိသည့် အတွက် ငွေကြေးလိုအပ်ချက်လည်းရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ AAPP-B) အတွင်းရေးမှူး ဦးတိတ်နိုင်က ဆိုသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများစာရင်းကို ၂ဝ၁၃ ဒီဇင်ဘာမှ မေလအထိ ပထမအဆင့်အနေဖြင့် စာရင်းကောက်ယူသွားမည်ဖြစ်သည်။ စာရင်းကောက်ယူမှုကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက် (အထက်မြန်မာပြည်)နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများမှ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများစာရင်းမှတ်တမ်းကို နိုင်ငံသမိုင်းတွင် မှတ်တမ်းအဖြစ်ကျန်ရစ်စေရန်၊ နိုင်ငံရေး အကျဉ်းသား အချင်းချင်း အလွယ်တကူ ဆက်သွယ်နိုင်ရန်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ နာကျည်းခံစားခဲ့ရသော စိတ်ဒဏ်ရာများကိုပြန်လည်ထူထောင်ပေးနိုင်ရန်တို့အတွက် ရည်ရွယ်ကောက်ယူ နေခြင်းဖြစ်သည်။
No comments:
Post a Comment