နိရဉ္စရာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် အစိုးရစီမံကိန်းအရ တည်ဆောက်ထားသော နတလ စံပြကျေးရွာ (၂) ခုရှိပြီး ယခုအခါ ယင်းကျေးရွာသားများ၏ လုံခြုံရေးနှင့် စားဝတ်နေရေးမှာ အထူး အခက်အခဲများဖြင့် ကြုံတွေ့နေကြရသည်ဟု သဇင်မြိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦသန်းလွှင်က ပြောသည်။
“ အရေးအခင်း ဖြစ်ပြီးကတည်းက ဘယ်လုံခြုံရေး တပ်ဖွဲ့မှ ကျနော်တို့ရွာတွေကို မလာဘူး။ ကိုယ်ဟာကိုယ် ဖြစ်သလို ကာကွယ်နေကြရတယ်” ဟု ရန်ကုန်မြို့မှ ပြောင်းရွှေ့ အခြေချရန် ရောက်ရှိလာပြီး ယခုအခါ သဇင်မြိုင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်နေသူ ဦးသန်းလွှင်က ပြောသည်။
ရသေ့တောင်မြို့နယ် အနောက်မြောက်ဘက် မယူကမ်းဒေသရှိ စေတီပြင် ကျေးရွာ အနီးတွင် အစိုးရ တည်ဆောက်ပေးသော သဇင်မြိုင်နှင့် ပိတောက်မြိုင် စံပြကျေးရွာ (၂) ရွာ တည်ရှိပြီး ၎င်းကျေးရွာများကို ဗမာပြည်မဘက်မှ အခြေချ ပြောင်းရွှေ့လာသူများဖြင့် တည်ဆောက်ထားသည်။
သဇင်မြိုင် ကျေးရွာအား မိသားစု (၇၅) စုဖြင့် စတင်တည်ထောင်ခဲ့သော်လည်း စားဝတ်နေရေး အခက်အခဲများကြောင့် အများစု မိသားစုများမှာ ဗမာပြည်ဘက်သို့ ပြန်ပြေးသွားကြသည်ဟု သူက ဆက်ဆိုသည်။
“ ကျွန်တော်တို့ကို တစ်အိမ်ထောင် လယ် (၅) ဧက ပေးမယ်ဆိုပြီး ဒီကို ခေါ်လာတယ်။ ဒီကိုရောက်တော့ လုပ်ကိုင် စားသောက်လို့ ရတဲ့ လယ်တွေကို မပေးဘဲ မေယူတောင်နားက ကုန်းခေါင်ခေါင်နေရာတွေကို ပေးတယ်။ ဘာမှ လုပ်ကိုင်စားသောက်လို့ မရဘူး။ လယ်ထွန်လို့လည်း မရဘူး။ ဒါကြောင့် တောင်တက် ထင်းခွေပြီး ဘ၀ကို ၀မ်းကျောင်းကြရတယ်။ အများစုကတော့ ရပ်တည်ရေး အခက်အခဲကြောင့် ဗမာပြည်ကို ပြန်ပြေးသွားကြတယ်” ဟု ဆိုသည်။
ယခုအခါ သဇင်မြိုင် စံပြကျေးရွာတွင် ဗမာမိသားစု ၁၅ စုနှင့် ရခိုင်တိုင်းရင်းသား မိသားစု ၂၅ စု၊ စုစုပေါင်း မိသားစု ၄၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။
အစိုးရ တာဝန်ရှိသူများမှ ၂၀၀၀ ခုနှစ်မှ ၂၀၀၃ ခုနှစ်ထိ စံပြကျေးရွာသားများ၏ စားဝတ်နေရေးကို တာဝန်ယူ ထောက်ပံ့ ပေးခဲ့သော်လည်း ၎င်းနောက်ပိုင်းတွင် ထောက်ပံ့ကူညီမူ လုံးဝ ရပ်ဆိုင်းသွားသည်ဟု သူက ပြောသည်။
“ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်ထိတော့ ထောက်ပံ့ကူညီမူတွေ ဆက်တိုက်ရှိနေခဲ့တယ်။ နောက်ပိုင်းမှာ လုံးဝ ရပ်ဆိုင်းသွားခဲ့တယ်။ အခုဆိုရင် ပိုပြီး ဆိုးသွားတယ်။ ဘယ်သူကမှ စံပြကျေးရွာသားတွေကို အရေးတယူ မရှိတော့ဘူး” ဟု ဆိုသည်။
၂၀၀၇ ခုနှစ်က လေမုန်တိုင်းတွင် သဇင်မြိုင် ကျေးရွာမှ အိမ်အများအပြား ပြိုပျက်သွားခဲ့ကြောင်း၊ အစိုးရမှ အိမ်များ ပြန်လည် တည်ဆောက်ရန် အိမ်မိုးသွပ်များ ကူညီပေးမည်ဟု ဆိုကြာင်း၊ ရသေ့တောင်မြို့သို့ သွပ်ပြားများ ရောက်ရှိသည်ဟု ကြားရပြီး သူတို့ထံသို့ ရောက်မလာကြောင်း၊ သို့အတွက် ယခုအချိန်ထိ အိမ်များကို မမိုးနိုင်ဘဲ ဖြစ်သလို နေကြရကြောင်း၊ သို့အတွက် နိုင်ငံတော် အကြီးအကဲများကို စံပြကျေးရွာသားများကို ပစ်မထားရန် ပြောကြားလိုကြောင်း သူက ဆိုသည်။
၎င်းနတလ စံပြကျေးရွာများ အနီးတ၀ိုက်တွင် ဘင်္ဂလီကျေးရွာ အများအပြားလည်း တည်ရှိနေပြီး လုံခြုံရေး အရလည်း စိုးရိမ်ရကြောင်း၊ ရခိုင်ပဋိပက္ခတွင် ကျေးရွာသားများအနေဖြင့် မိမိတို့၏ အစီအစဉ်ဖြင့် မိမိတို့ရွာများကို ကာကွယ်ခဲ့ကြရသည်ဟု ဆိုသည်။
နတလ စံပြကျေးရွာများအား ယခုအတိုင်း ပစ်ထားပါက နောင်တွင် ပြိုပျက်သွားနိုင်ကြောင်း၊ အကယ်၍ ၎င်းစံပြကျေးရွာ (၂) ရွာ ပြိုပျက်သွားပါက အနီးအနားရှိ အောင်ဇေယျ၊ အတွင်းပြင်၊ ချွတ်ပြင်၊ ပြင်ရှည်၊ ဖက်လိပ်ပေါက်တော၊ ငှက်ပျော့ချောင်းစသော ရခိုင်တိုင်းရင်းသား ရွာများလည်း ပြိုပျက်သွားနိုင်ကြောင်း၊ သို့အတွက် အထူး သတိထားကြရန် လိုအပ်ကြောင်း စေတီပြင် ကျေးရွာသား တစ်ဦးက ဆိုသည်။
“ အဲဒီစံပြကျေးရွာသားတွေ အထဲမှာ သတ္တိရှိတဲ့လူတွေ ပါတယ်။ အရေးအခင်းတုန်းက သူတို့တွေ ရွာကို စွန့်ပြီး ထွက်မပြေးကြဘူး။ ရှိတဲ့ လက်နက်တွေနဲ့ ရွာကနေ ခုခံဖို့စီစဉ်ခဲ့ကြတယ်။ အခုထိလည်း သူတို့က ကြံ့ကြံ့ခံပြီး ရပ်တည်နေကြတယ်။ အဲဒီ စံပြကျေးရွာတွေ ပြိုသွားရင် အခြား တိုင်းရင်းသား ရွာငယ်တွေလည်း ပြိုသွားနိုင်တဲ့ အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ အထူး သတိထားပြီး သူတို့ အရေးကို ကူညီ ဆောင်ရွက်ပေးဖို့လိုတယ်” ဟု ဆိုသည်။
၎င်းကျေးရွာများ အနီးတ၀ိုက်တွင် အိမ်ခြေ ဆယ်ကိုးဆောင်ဖြင့် ရခိုင်တိုင်းရင်းသား ကျေးရွာ အချို့လည်း တည်ရှိကြောင်း၊ အများစုမှာ အထူးဆင်းရဲကြကြောင်း၊ ရခိုင်အရေးအခင်း ဖြစ်ပွားပြီးနောက်ပိုင်း အခြေအနေပိုဆိုးသွားကြောင်း၊ ကျေးရွာသားများ အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ အရ အဆင်ပြေမူမရှိလို စိတ်ပိုင်းဆိုင်ရာ အရလည်း လုံခြုံမူ ကင်းမဲ့နေသည်ဟု ခံစားနေကြရကြောင်း ၎င်းက ပြောဆိုသွားသည်။

No comments:
Post a Comment