Thursday, March 20, 2014

သန်းခေါင်စာရင်း ကောက်ရာတွင် ရိုဟင်ဂျာ နာမည် ထည့်သွင်းမည်ကို ကမန်ပါတီ ကန့်ကွက်

နိရဉ္စရာ

မတ်လ ၂၉ ရက်နေ့မှ စတင်ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးတွင် မပါဝင်သော ဘင်္ဂလီလူမျိုးများမှ ရိုဟင်ဂျာ လူမျိုးအဖြစ် ထည့်သွင်းရန် တောင်းဆိုမူကို ကမန်နိုင်ငံရေး ပါတီ တစ်ခုက ကန့်ကွက်လိုက်သည်။

ကန့်ကွက်သော ပါတီမှာ နိုင်ငံရေး ပါတီအဖြစ် တရားဝင် မှတ်ပုံ လူပ်ရှားနေသော “ကမန်အမျိုးသား တိုးတက်ရေး ပါတီ” ဖြစ်သည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာ နာမည်အား ထည့်သွင်းခြင်းကို ကန့်ကွက်ရခြင်းမှာ ဥပဒေအရ မကိုက်ညီသဖြင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့၏ ပြောခွင့်ရသူ ပြန်ကြားရေးမှူး ဦးသိန်းဖေက နိရဉ္စရာသို့ ပြောကြားသည်။

“ ရခိုင်ပြည်နယ် သမိုင်းကြောင်းအရရော၊ နိုင်ငံတော် သမ္မတပြောကြားချက်အရရော တိုင်းရင်းသား လူမျိုး (၁၃၅) မျိုးတွင် မပါဝင်တဲ့ ဘင်္ဂလီလူမျိုးများတွေကို ရိုဟင်ဂျာ လူမျိုးဆိုပြီး ထည့်သွင်းရင် ဒါဟာ ဥပဒေနဲ့ မကိုက်ညီဘူး။ ဒီအတွက် ကန့်ကွက်ရတာပါ” ဟု သူက ဆိုသည်။

ယခုကဲ့သို့ ကန့်ကွက်ခြင်း အပေါ် ရိုဟင်ဂျာကို လိုလားသူများက ဝေဖန် ဆန့်ကျင်တိုက်ခိုက် မည်ကို မစိုးရိမ်ဘူးလားဟု မေးမြန်းရာ ဦးဖေသိန်းက ဤသည်မှာ မိမိတို့ အလုပ်မဟုတ်ကြောင်း ပြောဆိုသည်။

“ ဒါကတော့ သူတို့ရဲ့ အခန်းကဏ္ဍပါ။ ကျနော်တို့ကတော့ ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်တာသာ ဖြစ်ပါတယ်။ ဘယ်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက် လုပ်သင့်တာကို လုပ်ရမှာဖြစ်ပါတယ်” ဟု သူက ပြောဆိုသည်။

၂၀၁၄ ခုနှစ် မတ်လ ၁၈ နေ့စွဲဖြင့် ထုတ်ပြန်သော ကမန်အမျိုးသား တိုးတက်ရေး ပါတီ (ဗဟို) ၏ ကျေညာချက်တွင် ရခိုင်ပြည်နယ် သမိုင်းကြောင်းအရလည်း၎င်း၊ နိုင်ငံတော် သမ္မတပြောကြားချက် အရလည်းကောင်း တိုင်းရင်းသား လူမျိုး (၁၃၅) မျိုးတွင် မပါဝင်သည့် ဘင်္ဂလီလူမျိုးများ၏ ရိုဟင်ဂျာ လူမျိုးဟု သန်းခေါင်စာရင်းတွင် ထည့်သွင်းရန် တောင်းဆိုချက်ကို ကန့်ကွက်ကြောင်း ဖေါ်ပြသည်။

ယင်းပြင် ရခိုင်ပြည်နယ် တည်ငြိမ်ရေးနှင့် အေးချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖေါ်ပေးရန်နှင့်ရခိုင် ပဋိပက္ခအတွင်း စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲနှင့် သံတွဲမြို့နယ်များရှိ ဒေသခံ ကမန်တိုင်းရင်းသားများ၏ နေအိမ် တိုက်တာ အဆောက်အအုံနှင့် ဘာသာရေး အဆောက်အအုံများ တည်ဆောက်ပေးရေးကို အမြန်ဆုံး ဆောင်ရွက်ပေးစေလိုကြောင်း ကျေညာချက်တွင် ဖေါ်ပြထားသည်။

ယခု သန်းခေါင်စာရင်းကောက်ယူမူသည် နှစ်ပေါင်း (၃၀) အတွင်း ပထမဆုံး အကြိမ်ဖြစ်ပြီး မတ်လ ၂၉ ရက်နေ့ ညဥ့်သန်းခေါင်မှ စတင်ကာ ဧပြီလ (၁၀) ရက်နေ့ထိ ကောက်ယူမည် ဖြစ်ကြောင်း သိရသည်။

No comments: