Thursday, March 20, 2014

နိုင်ဂရု(ပ်) ဆောက်လုပ်ရေး ကုမ္ပဏီဒါရိုက်တာ ကလပ်တွင် ရိုက်နှက်ခံရဟုဆို

ဇော်ဇော်ထွေး

မရမ်းကုန်းမြို့နယ်ရှိ ကလပ်တစ်ခုတွင် အရက်သောက်နေစဉ် ကားဖြင့်ရောက်လာသည့် လူငါးဦးက ၀င် ရောက်ရိုက်နှက်ခဲ့သည်ဆိုကာ နိုင်ဂရု(ပ်) ကုမ္ပဏီဒါရိုက်တာ၏ အမှုဖွင့် တိုင်တန်းမှုကို မြို့နယ်ရဲစခန်းက မတ်လ ၁၆ ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်။

နိုင်ဂရု(ပ်) ကုမ္ပဏီဒါရိုက်တာဖြစ်သူ ဦးမျိုးဇော်သောင်းနှင့် ကုမ္ပဏီမှဝန်ထမ်းဖြစ်သူ အောင်မျိုးထွန်းတို့သည် နံနက် ၃နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၊ ကန်ရိပ်သာလမ်းရှိ Brave Bar ကလပ်တွင် ဘီယာသောက် ခဲ့ကြသည်ဟု ဆိုထားသည်။

ထိုအချိန်တွင် အရက်မူးနေသည့် အသက် (၃၀)နှစ်ခန့်ရှိ အမျိုးသား ငါးဦး (စုံးစမ်းဆဲ)တို့ ရောက်ရှိလာပြီး အကြောင်းမဲ့ ဆဲဆိုကာ ၀ိုင်းဝန်းထိုးကြိတ် ကန်ကျောက်ကြသဖြင့် ကြောက်လန့်၍ ထွက်ပြေးခဲ့သည်ဟု တရားလိုက ဆိုသည်။

အဆိုပါ လူများမှာ ကလပ်အ၀င်ဝထိ လိုက်လံထိုးကြိတ်ခဲ့ကြပြီး ကလပ်လုံခြုံရေး ၀န်ထမ်းများက ၀ိုင်းဝန်း ဖြန်ဖြေသဖြင့် ရန်ပွဲပြီးဆုံးသွားသည်ဟုလည်း ရဲထံတွင် ပြောပြထားသည်။

ထို့ကြောင့် ဦးမျိုးဇော်သောင်းတွင် ဦးခေါင်းဝဲဘက်နောက် ကွဲရှဒဏ်ရာ တစ်ချက်၊ ရှေ့အပေါ်သွား တစ်ချောင်းကျိုး၊ ခါးဝဲဘက်နှင့် ကျောတွင် နာကျင်ဒဏ်ရာ၊ နှုတ်ခမ်းအပေါ်အောက် ဖူးရောင်ဒဏ်ရာ၊ နှာခေါင်း ဖူးရောင်နာကျင်ဒဏ်ရာများ ရရှိထားသည်ဟုလည်း တရားလိုက ဆိုသည်။

ယင်းအပြင် ကုမ္ပဏီမှ ၀န်ထမ်းဖြစ်သူ အောင်မျိုးထွန်းတွင် ၀ဲပါးပွန်းဒဏ်ရာ၊ ဦးခေါင်း နာကျင်ဒဏ်ရာများ ရရှိခဲ့ပြီး ၀ိုင်းဝန်း ထိုးကြိတ်သူများမှာ Surf အနက်ရောင်ကားဖြင့် ရောက်ရှိလာသူများဖြစ်ကြောင်း လုံခြုံ ရေးဝန်ထမ်းများက ပြောပြသိရှိထားသည်ဟုလည်း ရဲထံတွင် ထည့်သွင်း ပြောပြထားသည်။

ထို့ကြောင့် ၀ိုင်းဝန်းထိုးကြိတ်ခဲ့သည့် အမျိုးသား ငါးဦးကို အရေးယူပေးရန် ကုမ္ပဏီဒါရိုက်တာက အမှုဖွင့် တိုင်တန်းထားခြင်း ဖြစ်သည်။ ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ)၆၂/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှု ပုဒ်မ ၂၉၄/၃၂၅/၁၁၄ တို့ဖြင့် အရေးယူရန် စုံစမ်းဖော်ထုတ်နေသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။

No comments: