Sunday, April 27, 2014

သိန်းပေါင်း ၃၀,၀၀၀ ခန့် သုံးစွဲမည့် ခုတင် ၅၀၀ တိုးချဲ့ဆေးရုံ ဇွန်လအပြီး တည်ဆောက်မည်

မျိုးသန့်

မန္တလေးမြို့၊ ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းတွင် ခုတင်ငါးရာ တိုးချဲ့နိုင်ရန် ကိုးထပ် ဆေးရုံတစ်ခုအား ငွေ ကျပ်သိန်းပေါင်း သုံးသောင်း ကုန်ကျခံကာ တည်ဆောက်လျက်ရှိပြီး ဇွန်လအတွင်းအပြီး တည်ဆောက်သွားရန် စီစဉ်နေသည်ဟု ဆေးရုံကြီး ဆေးနှင့် လူမှုဆက်ဆံရေးအရာရှိ ဦးမင်းလွင်က ဧပြီ ၂၄ ရက်က မဇ္ဈိမကို ပြောသည်။

“ကိုးထပ် အဆောက်အအုံ တည်ဆောက်ခြင်းက လျှပ်စစ်မီး၊ ရေ၊ အတွင်းပိုင်း ပြင်ဆင်မှုတွေ ပြီးသွားပါပြီး၊ ရာနှုန်းအားဖြင့် ၉၀ ရာနှုန်း ပြီးစီးနေပြီ ဖြစ်ပါတယ်။ စက်ကိရိယာတွေ တပ်ဆင်ဖို့အတွက်လည်း ပြင်ဆင် မှုတွေ လုပ်နေပြီ ဖြစ်ပါတယ်။ ဇွန်လအပြီးတည်ဆောက်ဖို့အတွက် စီစဉ်ထားပါတယ်” ဟု ဦးမင်းလွင်က ဆက်ပြောသည်။

ဖွင့်လှစ်မည့် ကိုးထပ်ဆေးရုံမှာ ခုတင်ငါးရာဆံ့ဆေးရုံအဖြစ် လျာထားကာ မန္တလေးဆေးရုံကြီး ကျန်းမာရေး ပိုင်းဆိုင်ရာ စစ်ဆေးသည့်စက်များကို အဆင့်မြှင့်တင် တပ်ဆင်အသုံးပြုထားသည်။ ဒစ်ဂျစ်တယ် စနစ်သုံး ဓာတ်မှတ်ရိုက်စက်များ၊ နှလုံးစမ်း သပ်စက်များကို တပ်ဆင်ထားမည် ဖြစ်သည်။

“စက်ကိရိယာတွေကို အားလုံးကို ဒစ်ဂျစ်တယ်စနစ်ကို အသုံးပြုတဲ့ စက်တွေကိုပဲ အသုံးပြုမှာ ဖြစ်ပါတယ်။ ထူးခြားတဲ့ ကျန်းမာရေးစစ်ဆေးစက် ဘာတွေပါမလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ စက်ကိရိယာတွေကိုလည်း မြေညီထပ်မှာပဲ တပ်ဆင်မှုကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ကိုးထပ် အဆောက်အအုံအား မြေအောက်ထပ်တွင် ကား၊ ဆိုင်ကယ်ရပ်နား ရန်နေရာ၊ ပထမထပ်တွင် စစ်ဆေးစက်များ၊ ဒုတိယနှင့် တတိယထပ်တွင် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါကု ဌာန၊ စတုတ္ထထပ်နှင့် ပဉ္စမထပ်အား ဖျားနာကုသဆောင် ထားရှိမည်ဖြစ်ကာ ကျန်ရှိသော အထပ်များကိုတော့ အတိအကျ သတ်မှတ်ရခြင်း မရှိသေးဟု ဆိုသည်။

တည်ဆောက်ခြင်းအတွက် ကုန်ကျစရိတ်အဖြစ် အထပ်တစ်ထပ်လျှင် ငွေကျပ် သိန်းသုံးထောင်လျာထား ကာ မြေအောက်ထပ်နှင့် အပေါ်ကိုးထပ်အတွက် ကုန်ကျ ငွေစုစုပေါင်း သိန်းပေါင်းသုံးသောင်း ကုန်ကျမည် ဖြစ်သည်။

ထိုကုန်ကျစရိတ်အား ပြည်သူ့များမှ လှူဒါန်းထားရှိပြီး ဖြစ်သောကြောင့် တည်ဆောက်ခြင်း လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားရန်သာ ကျန်ရှိသည်။

No comments: